ခဲတောင်ရဲ့ ခြံုကြားထဲက ညည်းတွားသံ

ခဲတောင်ရဲ့ ခြံုကြားထဲက ညည်းတွားသံ
by -
မိုထျေးကေး

လိုပွာခို ဆိုတဲ့ ဒေသခံကရင်တွေ အခေါ်အဝေါ်ရဲ့ အဓိပ္ပါယ်ဟာ မြန်မာလို ခဲတောင်ကို ဆိုလိုတာဖြစ်ပါ တယ်။ ဒါကြောင့် လိုပွာခို ခရိုင်လို့နာမည်ပေးထား တဲ့ ကရင်နီပြည်နယ်အတွင်းရှိ အမှတ် ၂ ခရိုင်ဟာ မော်ချီးဒေသလို့ လည်း လူသိများကြပါတယ်။

လိုပွာခို ဆိုတဲ့ ဒေသခံကရင်တွေ အခေါ်အဝေါ်ရဲ့ အဓိပ္ပါယ်ဟာ မြန်မာလို ခဲတောင်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် လိုပွာခို ခရိုင်လို့ နာမည်ပေးထားတဲ့ ကရင်နီပြည်နယ်အတွင်းရှိ အမှတ် ၂ ခရိုင်ဟာ မော်ချီးဒေသ လို့လည်း လူသိများကြပါတယ်။ မော်ချီးဟာ နယ်ချဲ့အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက ဒုတိယ အင်္ဂလန်လေးလို့ တင်စားခြင်း ခံခဲ့ရပြီး ခဲသတ္တုတွင်း လုပ်ငန်းဖြင့် စည်ကားသိုက်မြိုက်ကာ ကမ္ဘာမှာ ဒုတိယ အကြီးဆုံးသတ္တု တွင်းတစ်တွင်း ဖြစ်ခဲ့ကြောင်းကိုလည်း သမိုင်းမှတ်တမ်းမှာ မြင်ဖူးဖတ်ခဲ့ဖူးပါတယ်။

မရောက်ဖူးသူတွေအဖို့ မော်ချီးဒေသဟာ ပျော်စရာကောင်းမယ်လို့ ယူဆကောင်းယူဆပါလိမ့်မယ်။ဟုတ်ပါ တယ်။ မော်ချီးဒေသဟာ ပျော်စရာကောင်းပါတယ်။ သောသီခို (ခေါ်) နတ်တောင်ကနေ လှမ်းကြည့်လိုက်ရင် မော်ချီးဒေသ တစ်ခုလုံးသာမက ကရင်ပြည်နယ်ဖက်ရှိ ဘောဂလိဒေသ၊ သံတောင်ဒေသအထိလှမ်းမျှော်ကြည့် နိုင်ပါတယ်။ မော်ချီးမြို့ကိုလည်း အထင်းသား လှမ်းမြင်တွေ့နိုင်ပါတယ်။ ထင်းရူးတောတွေ ပေါက်ရောက်ပြီး စိမ်းလန်းစိုပြေတဲ့ ဒေသဖြစ်ပါတယ်။ အုပ်ဆိုင်းတဲ့ မြူတွေ၊ အေးမြတဲ့ ရာသီဥတုတွေကြောင့် အဲဒီဒေသက ဒေသခံတွေရဲ့ အသားအရေဟာ ဖြူဖြူလေး ဖြစ်နေကြတာကို တွေ့ရပါတယ်။

ဒေသခံတွေဟာ တောင်ယာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး ဒေသအတွင်း စီးပွားဖြစ် ဖါလာ စိုက်ပျိုးရေး လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြတယ်။ ဒေသခံတွေ လိုအပ်တဲ့ ဆန်၊ ဆား၊ ငပိ စတဲ့ စားသောက်ဘွယ် ပစ္စည်းတွေကို မော်ချီးမြို့ ဒါမှမဟုတ် ဘောဂလိဖက်ကို သွားရောက်ဝယ်ယူစားသုံးကြတယ်။

mawchiနတ်တောင်ဟာ မော်ချီးဒေသကို ထင်ဟပ်စေတဲ့ နာမည်ကြီး တောင်တစ်ခု ဖြစ်ပြီး အဲဒီအနီးအနား တဝိုက်ရှိ ဒေသခံတွေဟာ နတ်တောင်ကို အထွတ်အမြတ် ထားခဲ့ကြတယ်။ အဲဒီတောင်ဟာ ကော်သူးလေ (ခေါ်) ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ် နယ်စပ်ပေါ်မှာ တည်ရှိပါတယ်။

သဘာဝအလှတွေ ပြည့်နှက်ပေမယ့် အတွင်းကျကျ လေ့လာကြည့်လိုက်တဲ့ အချိန်မှာ ပင်ပန်းနွမ်းနယ်လှတဲ့ ဒေသခံတွေရဲ့ အမူအရာတွေကို ကျနော် အကဲခတ်မိခဲ့ပါတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် မျှော်လင့်ချက် ကင်းမဲ့နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ လူတိုင်းရဲ့ ရင်ထဲမှာ စစ်ကို မလိုချင်ကြတာတော့ အမှန်ပါ။တခြား ကရင်နီဒေသလို အနှစ် ၆ဝ ကျော် ပြည်တွင်းစစ်ကို ကြံ့ကြံ့ခံလာခဲ့ကြတဲ့ ဒေသခံတွေကို မြင်တွေ့မိတဲ့ အချိန် ရင်ထဲ ဝမ်းနည်းဖြစ်မိခဲ့ပါတယ်။ သူတို့ရဲ့ ဘဝလေးတွေဟာ ဘယ်အချိန်မှာမှငြိမ်းချမ်းလွတ်လပ်နိုင် တော့မှာလဲ ဆိုတဲ့ အတွေးလေး ပေါ်လာမိပေမယ့် ဘယ်သူ့ကိုမှ မပြောပြပဲ အံကြိတ်မျိုသိပ်ထားမိခဲ့ပါတယ်။

ကျနော် ရောက်သွားတဲ့ နေရာလေးဟာ ရွာပုန်းရွာရှောင် တစ်နေရာ ဖြစ်ခဲ့ပါတယ်။ သံနဲ့ သစ်တစ်ချောင်းမှ မပါတဲ့ ဝါးအိမ်လေး တစ်လုံးထဲမှာ သူငယ်ချင်း ၃ ယောက်နဲ့အတူ သဲပြားကြမ်းပြင်လေးပေါ်မှာ အနားယူပြီး စကားစမြည်ပြောနေစဉ် ခြေသံ တိုးတိုးလေးဖြင့် အိမ်ထဲ အိမ်ရှင်မ အဒေါ် နော်ထူးက ပြန်ဝင်လာတာကို တွေ့လိုက်ရလို့ သူမကို ကျနော်တို့ အားလုံး ဝိုင်းနှုတ်ဆက်ခဲ့ကြပါတယ်။ “အဒေါ် နေကောင်းလား” လို့ကျနော် က လှမ်းနှုတ်ဆက်တော့ “နေကောင်းပါတယ်။ တောင်ယာကနေ ပြန်လာတော့နည်းနည်းမောပန်းတာ လေးပါပဲ”  လို့ အဒေါ်က ကျနော်တို့ကို ပြန်ပြောပါတယ်။ အဲဒီအချိန် ကျနော့မှာ ပါလာတဲ့သကြားလေးထုတ် ပေး ပြီး “အဒေါ် သကြား ဖျော်သောက်ပါ။ အမော သက်သာပါ့မယ်” လို့ ဆိုပြီး သူ့ကို သကြား လှမ်းကမ်းပေးလိုက်တယ်။

အဒေါ် အိမ်ကို ကျနော် အကဲခတ်ကြည့်တော့ ဆန် ၆ ဗူးဆန့် ထမင်းအိုး တစ်လုံး၊ ဟင်းချက်ဖို့အိုးသေးသေး လေး တစ်လုံးနဲ့ ဒယ်အိုးဟောင်းလေး တစ်လုံးရယ်၊ အဝတ်အစား အနည်းငယ်နဲ့ အိမ်အသုံးအဆောင် အနည်းငယ်သာ တွေ့ရပါတယ်။ သူမက “အိမ်မှာ ပစ္စည်း များများမထားရဲဘူး။ အားလုံး တောထဲမှာဝှက်ထား တယ်။ အရေးအကြောင်းဆိုရင် သယ်ရပြုရ လွယ်တယ်လေ” လို့ ပြောပါတယ်။ သူမက ဆက်ပြီး “ဒါတောင်မှ ပြီးခဲ့တဲ့ အရင်တစ်ပတ် စနေနေ့တုန်းက ဒီမှာ စစ်သားတွေ ရောက်လာသေးတယ်။ အဒေါ်တို အားလုံး ထွက်ပြေးတယ်။ နင့်ဦးလေးတောင် သူတို့ သေနတ်နဲ့ ပစ်တော့ ခြေဖနောင့်မှာ ရှပ်ပြီး ထိတယ်။ အခု ဒဏ်ရာနဲ့ တောင်ယာ သွားတာ ပြန်မလာသေးဘူး” လို့ ကျနော်တို့ကို ရှင်းပြပါတယ်။

ကျနော့် သူငယ်ချင်း တစ်ယောက်က “တခြားရွာသားတွေ သတ်သွားတာ ရှိသေးလား” လို့ မေးမြန်းရာ အဒေါ်က “ရွာသားအားလုံးတော့ ဘေးမသီရန်မခ ထွက်ပြေးလွတ်မြောက်ကြတယ်။ ဒါပေမယ့် အိမ်မွေး တိရိစ္ဆာန်တွေ ဖြစ်တဲ့ ကြက်၊ ဝက်၊ ဘဲတွေတော့ မသက်သာဘူး။ သူတို့ တော်တော်များများသတ်စားသွား ခဲ့ကြတယ်”။ သူမက ဆက်ပြီး “ငါ့တူတို့ရယ် ပြောရမှာ မကောင်းဆုံး အရာတစ်ခုကအဒေါ်တို့ရဲ့အဝတ်အစား တွေ ကို သူတို့ ယူသွားတယ်။ ပြီးတော့ ကျန်တဲ့ ထမင်းအိုးတွေကို ဓါးချွန်နဲ့ ထိုးပေါက်ထားတယ်။ ပြီးတော့ အဒေါ်ရဲ့ ထမိန် တစ်ထည်က အသစ်ပဲ ရှိသေးတယ်။ တစ်ခါနှစ်ခါလောက်ပဲ ဝတ်ပါသေးတယ်။  ထမိန်ထဲမှာ မစင် စွန့်ထားပြီး ကောင်းကောင်းလေး ပြန်ခေါက်ထားတယ်။ ဘာသဘောနဲ့ ဒီလိုလုပ်တာလဲဆိုတာ အဒေါ်သဘောမပေါက်ဘူး။”

အဒေါ်ရဲ့ ရှင်းပြချက်ကို ကျနော်တို့ အဖွဲ့က စိတ်ဝင်တစား နားထောင်နေခဲ့ကြတယ်။ ဟုတ်ပါတယ်။ အဒေါ် ပြောပြသလို ဒီမော်ချီးဒေသ တစ်ခုလုံးဟာ အနက်ရောင် နယ်မြေလို့ သတ်မှတ်ခံရပြီး စစ်ဆင်ရေး လုပ်တိုင်း ကျေးရွာတွေ၊ စပါးကျီတွေကို မီးရှို့ဖျက်ဆီးခြင်း၊ တိရိစ္ဆာန်တွေအပြင် လူတွေပါ တွေ့ရှိရင် သေနတ်မောင်းဖြုတ် ပစ်သတ်ခဲ့ကြတာဟာ စစ်တပ်ရဲ့ သမန်ရိုးကျ လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်နေပါတယ်။

ကျနော်တို့ စကားပြောကောင်းနေစဉ် ဦးလေး စောဘာက တောင်ယာကနေ ပြန်ရောက်လာပါတယ်။ ဦးလေး ခြေထောက် ဒဏ်ရာဟာ မပျောက်သေးပေမယ့် တောင်ယာ လုပ်ငန်းက အရေးကြီးတဲ့အတွက် တောင်ယာထဲ သွားနေရတယ်။ မိမိတို့မှာ ပါလာတဲ့ ဆေးဝါး အနည်းငယ်နဲ့ ဦးလေး ခြေထောက် ဒဏ်ရာကိုဆေးထည့်ပေး ပါတယ်။ ဦးလေးနဲ့ စကားစမြည်ပြောပြီး အဒေါ် ပြင်ဆင်ပေးတဲ့ ထမင်းဝိုင်းကို ဝိုင်း၍ စားသောက်ခဲ့ကြတယ်။ နတ်တောင်ခြေကနေ ရလာတဲ့ တောဝက်သားနဲ့ နတ်တောင်ထိပ်ကနေ ရတဲ့ ဂျူးမျှစ်ခြောက်တာလပေါဟင်း ဟာ စွဲလမ်းဖွယ်ကောင်းသလို ငရုတ်သီးစိမ်းနဲ့ ကြွက်သားခြောက်ထောင်းလေးဟာလည်း ကျနော်တို့အားလုံး အတွက် မစားဖူးတဲ့ အရသာထူး ဟင်းတွေ ဖြစ်ခဲ့ပါတယ်။ ဦးလေးနဲ့ အဒေါ်ကို အထူးကျေးဇူးတင်မိခဲ့ပါတယ်။

ဦးလေး စောဘောနဲ့ အဒေါ် နော်ထူးဟာ သမီးလေး နှစ်ယောက် ရှိပြီး နယ်စပ်ဖက်ကို သွားရောက်ပညာ ဆည်းပူးခဲ့ကြပါတယ်။ သမီးတွေနဲ့ ခွဲခွာနေရတဲ့ ဦးလေးနဲ့ အဒေါ်တို့ရဲ့ ဘဝကို မြင်မိတော့ “သြော်…ပြည်တွင်း စစ်ကြောင့် ဒီလိုတကွဲတပြား ဖြစ်နေရမှာပဲ။ ဦးလေးအဒေါ် ဘဝလို ခံစားကြရတဲ့ ကရင်နီပြည်သူတွေ တပုံကြီး ရှိနေမှာပဲ။”

ဦးလေးနဲ့ အဒေါ် နှစ်ယောက်လုံး ည ၈ နာရီခွဲကျော်မှာ ကျနော်တို့ ဘီဘီစီ သတင်းနားထောင်နေစဉ် သူတို့ နှစ်ယောက်လုံး အိပ်မောကျသွားနေပါပြီ။ စောစောအိပ်ရာဝင်ကြတဲ့ တောသူတောင်သားတွေရဲ့အကျင့်ဓလေ့ လေးပါ။ ကျနော်တို့လည်း ဘီဘီစီ ပြီးတာနဲ့ အားလုံး အိပ်ပျော်သွားကြတယ်။ ခြင်ထောင် မရှိပေမယ့် မီးဖိုပေါ် တောက်နေတဲ့ အဒေါ်ရဲ့ ထင်းပုံလေးဟာ အဲဒီညအဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခဲ့ပါတယ်။ မနက် ၂ နာရီလောက်မှာ အဒေါ်ရဲ့ မောင်းထောင်းသံကို ကြားလိုက်ရတယ်။ အဒေါ် မောင်းထောင်းစဉ် ဦးလေးက ထမင်းထချက်နေတာကို တွေ့ခဲ့ရပါတယ်။ မနက် မိုးမလင်းတလင်း ဦးလေး အဒေါ် လင်မယားနှစ်ယောက် ထမင်းစားပြီး မိုးမလင်းမှီ တောင်ယာထဲ ထွက်သွားခဲ့ကြတာကို ကျနော်တို့ အဖွဲ့ မြင်တွေ့ခဲ့ကြရပါတယ်။

ဦးလေးနဲ့ အဒေါ်ရဲ့ ပင်ပန်းနွမ်းနယ်လှတဲ့ ဘဝလို မော်ချီးဒေသအတွင်းရှိ ပြည်သူတို့ရဲ့ ဘဝဟာဘယ်အချိန် မှာ အေးဆေးစွာ အနားယူချိန်ရနိုင်တော့မှာလဲ။ တချိန်က ကမ္ဘာကျော် မော်ချီး သတ္တုတွင်းဟာ မော်ချီးဒေသရှိ ပြည်သူလူထုအတွက် ဘာအထောက်အကူ၊ ဘာအကျိုးကျေးဇူးမှ မပေးနိုင်တော့ဘူးလား။ မော်ချီးဒေရဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စကို ဘယ်သူက လုပ်ဆောင်ပေးမှာလဲ။

တစ်ခု ပြောပြချင်တာက မော်ချီး သတ္တုတွင်းဟာ အခုအချိန်မှာ မြေကြီးအတွင်း တူးထားတဲ့ ခဲကျင်းတွေကြောင့် မြေပြိုပျက်စီးမှု အန္တရာယ် ပိုများလာနိုင်သလို မော်ချီးချောင်း (မိုလိုကလိုး)ထဲ ကျလာတဲ့ ခဲဆိပ်တွေဟာ ချောင်းအောက်ဖက် နေထိုင်ကြသူအတွက် သောက်သုံးမိပါက အလွန်အန္တရာယ် ကြီးပါတယ်။ ခဲဆိပ်ကြောင့် ဦးနှောက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုနဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ ဒီကိစ္စအတွက် သေချာသုတေသန လုပ်ပြီး အန္တရာယ် ဘယ်လောက် ကြီးမားတယ် ဆိုတာ သေချာပြုစုမှတ်တမ်းတင်ထားဖို့ လိုတယ်။ ဘယ်သူမှ ဒီအန္တရာယ် အကြောင်း ပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်း မရှိခဲ့ပါ။ စုစည်းရွာ ဖြစ်တဲ့ ခဲမဖြူရွာဟာ ဒီချောင်းရေကိုသာ အဓိက ထားသောက်သုံးကြပါတယ်။ မျက်ကန်းတစ္ဆေမကြောက် ဆိုသလိုမသိနားမလည် တော့လည်း ဒီချောင်းရေကိုပဲ သောက်သုံးကြတာ နှစ်ပေါင်း မနည်းတော့ပါ။ အစိုးရ လုပ်တဲ့ သူတွေက ဒီပြဿနာကို သိလျှက်နဲ့ မသိချင်ယောင်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သက္ကရာဇ် ၂ဝဝ၁ ခုနှစ်အတွင်း နအဖထံ အင်အား ၁ဝဝ ခန့်ဖြင့် လက်နက်ချသွားခဲ့ကြတဲ့ ကြယ်ဖြူ (ကရင်နီ သွေးစည်းညီညွတ်ရေး) ဆိုတဲ့ အဖွဲ့ဟာလည်း ဒေသခံပြည်သူတွေအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် ဆောင်ရွက်ပေးဖို့ နေနေသာသာ မိမိ မိသားစု ဝမ်းစာရေး၊ ကြီးပွားရေးအတွက်သာ အဓိက လုပ်နေကြပါတယ်။ တချိန်တခါတုန်းက ကိုယ့်လူမျိုး၊ ကိုယ်တိုင်းပြည်၊ ကိုယ်အမျိုးသားရေးအတွက် လုပ်မယ် ဆိုတဲ့ လူတွေဟာ အခုတော့ အမျိုးသားရေး စိတ်ဓါတ်တွေ ပျောက်ဆုံးကုန်နေပြီလား။ ကျနော်ဟာ တောင်တွေးမြောက်တွေးဖြင့် အတွေးနယ်ချဲ့စဉ် “သြော်…သူတို့ ခမျာလည်း ဒီမကောင်းတဲ့ စနစ်ဆိုးအောက်မှ ပြည်သူလိုပဲ ဘာမှ မတတ်နိုင်ပဲ ရေငုံနှုတ်ပိတ်ခံရတဲ့ လူတွေချည်း ဖြစ်နေကြရပါလား။”

ဘယ်လိုပဲဖြစ်ဖြစ်၊ သွားလာရေး ခက်ခဲပြီး၊ လူသူပေါက်ရောက်ခြင်း နည်းလှတဲ့ မော်ချီးဒေသရဲ့အခြေအနေ လေးဟာ အခုအချိန်မှာ အနည်းငယ် တည်ငြိမ်လာတယ်လို့ပဲ ဆိုရမှာပါ။ ကျေးရွာ အသီးသီး ပြန်လည် ထူထောင်ကြပေမယ့် ပြည်တွင်းစစ် အိမ်မက်ဆိုး အရိပ်မဲကြီးဟာ ဒေသခံပြည်သူတွေကို အခုအချိန်အထိ ခြိမ်းခြောက်နေတုန်းပါပဲ။ ဒါကြောင့် မော်ချီးဒေသက ဂေလို၊ ကပွေဒိုလို ရွာတွေမှာ နေထိုင်ကြတဲ့ရွာသား တွေဟာ ရွာအလိုက် မိမိတို့ရဲ့ ရွာကို စွန့်ခွာပြီး တခြားနေရာတွေ ဖြစ်တဲ့ မယ်စဲ့မြို့နယ်၊ ဟိုစဲ့၊ ရွာသစ်နဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၂ စခန်းဆီသို့ တိမ်းရှောင်ရွှေ့ပြောင်းနေထိုင်ခဲ့ကြတာကို တွေ့ရပါတယ်။

ကျနော့် ရင်ထဲမှာတော့ မော်ချီးဒေသလိုပဲ ကရင်နီဒေသ တစ်ခုလုံးရှိ ပြည်သူလူထုတွေရဲ့ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲ၊ ဒုက္ခမျိုးစုံ ပြေပျောက်နိုင်ဖို့အတွက် “အပေါင်းလက္ခဏာ ဆောင်တဲ့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အဖြေတစ်ခု” အမြန်ဆုံး ပေါ်ပေါက်လာနိုင်ပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။

Most read this week