“နိုင်ငံရေး” လို့ ပြောလိုက်တာနဲ့ လူတွေကတောခို နေတဲ့ သူပုန်တွေကို ပြေးမြင်လိုက်ကြတယ်။ ဒီအခြေအနေဟာ ကရင်နီပြည်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေပါလို့ ပြောလိုက်ရင် မှားမယ်လို့တော့ မထင်ပါ။ အဲဒီစကားလုံးတွေ သုံးမိရင် သူပုန်နဲ့ ပတ်သက်တယ် ဆိုပြီး ညှင်းဆဲ သတ်ဖြတ်ခံရတတ်ပါတယ်။ စစ်အစိုးရဟာ အဲဒီစကားလုံး တစ်လုံးနဲ့ ပြည်သူလူထုတို့ကို ထိန်းချုပ်နေတာ နှစ်ပေါင်း မနည်းတော့ပါဘူး။
အထူးသဖြင့် တစ်ခေတ်ပြီးတစ်ခေတ် တက်လာကြတဲ့ လူငယ်လေးတွေဟာ မိမိကိုယ်ကို အလှအပတွေ တစ်မျိုးပြီးတစ်မျိုး ဆင်ယင်ကြသလို မိမိနိုင်ငံ၊ မိမိရပ်ရွာနဲ့ လူနေမှု အဆင့်အတန်းတို့ကိုလည်းတစ်ခေတ်ပြီး တစ်ခေတ် ပြုပြင်ပြောင်းလဲလိုကြတယ်။
မိမိတိုင်းပြည်ဟာ တခြားသော ဒီမိုကရေစီ လူ့ဘောင်သစ် အသိုင်းအဝိုင်းထဲသို့ ရောက်လာရလေအောင် လူငယ်တွေ အနေနဲ့ တဖက်တလမ်းကနေပြီး ကြိုးပန်းအားထုတ်မှုတွေနဲ့ အားတက်မာန်တက် ဖန်တီးလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ရဲ့ ရှေ့မှာ တားဆီးခြိမ်းခြောက်မှုတွေက တပုံတပင်ကြီးပါဘဲ။ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေကြောင့် လူငယ်တွေဟာ နောက်မဆုတ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ လျှောက်နေတဲ့ လမ်းဟာ လမ်းမှား မဟုတ်လို့ပါဘဲ။
ဆွဲစေ့ခံရခြင်း
ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ် လူထုဆန္ဒခံယူပွဲဟာ စစ်တပ်ကနေ တဖက်သတ် ရေးဆွဲခဲ့ပြီး တရားမျှတမှု မရှိတဲ့အတွက် ကရင်နီလူငယ်များကို ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ လူငယ်ခေါင်းဆောင်တွေကို စစ်တပ်မှဖမ်းဆီး ချုပ်နှောင်ပြီး နှစ်ရှည် ထောင်ဒါဏ်တွေ ချမှတ်ခဲ့ကြပါတယ်။ စစ်တပ်က နိုင်ငံရေး လှုပ်ရှားမှုတို့မှာ ပါဝင်တဲ့ လူငယ်များကို ဖမ်းဆီးချုပ်နှောင်တဲ့အပြင် လူမှုကယ်ဆယ်ရေး လုပ်ငန်း၊ လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ပညာပေး အစီအစဉ်တို့မှာ တက်တက်ကြွကြွ ပါဝင်အလုပ်ကျွေးပြုနေကြတဲ့ လူငယ်တို့ကိုလည်း ဖမ်းဆီးချုပ်နှောင်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အတွင်း ကရင်နီ လူမှုကယ်ဆယ်ရေး လုပ်ငန်းမှာ အလုပ်ကျွေးပြုခဲ့ဖူးသူ အသက် ၂၅ နှစ်အရွယ် ကရင်နီလူငယ် နှစ်ဦးကို လွိုင်ကော် အခြေစိုက်ဒေသကွပ် ကဲရေး စစ်ဌာနချုပ်မှ ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
“သူတို့ကို ပုဒ်မှ ၁၇/၁ နဲ့ စွပ်စွဲပြီး ဖမ်းထားတာ ဖြစ်နိုင်တယ်။ ဘယ်အချိန် လွတ်မလဲ၊ ဘယ်အချိန်ထိ ထောင်ဒါဏ်ချမှတ်မလဲဆိုတာ မသိရသေးပါဘူး” လို့ ကရင်နီပြည်ထဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူဗားမား နိုင်က ပြောပါတယ်။ အဲဒီလူငယ် နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်နိုင်ဖို့ ကရင်နီအပစ်ရပ်အဖွဲ့ရဲ့ ကူညီမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့တာပါ။
“ဒီဘက် (နယ်စပ်ရှိ ကရင်နီလူမှု အသိုင်းအဝိုင်း)က လူတွေနဲ့ တွဲပြီး အလုပ်အကျွေး ပြုတဲ့ သူတွေ၊ ဒါမှမဟုတ် အလုပ်အကျွေးပြုခဲ့ဖူးတဲ့ သူတွေ မှန်သမျှ သူတို့ (အပစ်ရပ်အဖွဲ့)က ချွန်ပေးရတယ်။ ဒကစတို့ထောက်လှန်း ရေး တို့ကို သတင်းပေးရတယ်။ ဒါမှ သူတို့ ရိက္ခာတွေ၊ ငွေတွေ၊ သူမျက်နှာ ရတာပေါ့။ တကယ်လို့ သူက အဲလိုမလုပ်နိုင်ရင် စစ်တပ်ကလည်း သူတို့ကို ဂရုမစိုက်တော့ဘူး။ သူတို့ အလုပ်မလုပ်ဘူး ဆိုတဲ့သတ်မှတ်မှု မျိုးကို ခံရတာပေါ့” လို့ ဗားမားနိုင်က ပြောပါတယ်။
နှစ်ရှည်ထောင်ဒါဏ် ချမှတ်ခံရခြင်း
ပြီးခဲ့တဲ့၂ဝဝ၈ မေလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း အတည်ပြုရေး လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်ဖို့ လူငယ်များက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ ကရင်နီ လူငယ်ခေါင်းဆောင် ခွန်းဘီးဒူ (ခေါ်) လွီးဇီငြိမ်၊ ကေကောရီယိုနဲ့ ဒီးဒီတို့ကို စွဲချက်တင်ပြီး ထောင်ဒဏ် ၃၇ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကေကောရီယိုဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေဆိုင်ရာ ပညာရပ်များကို ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီလူမှုဖွံ့ဖြိုးရေးကျောင်း SDC မှာ သင်ယူခဲ့ပါတယ်။ ကရင်နီပြည်တွင်းမှာ အဲဒီလိုဘာသာရပ်တွေကို လွတ်လွတ်လပ်လပ် လေ့လာခွင့် မရှိတဲ့အတွက် နယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ SDC ကျောင်းကဲ့သို့ ဆယ်တန်းလွန်ကျောင်းတို့မှာ လူငယ်တွေ ထိုးဖောက်ပြီးလေ့လာကြရ ပါတယ်။
အခု ၂ဝ၁၁ ခုနှစ် မတ်လအတွင်းမှာ ၈ ကြိမ်မြောက် SDC ကျောင်းဆင်းပွဲ အခန်းအနားတစ်ရပ်ကျင်းပပါ တယ်။ ကျောင်းပြီးသွားတဲ့ ကျောင်းသားကျောင်းသူတို့အတွက် ဒု-ကျောင်းအုပ်တစ်ဦး ဖြစ်တဲ့ ဆရာ ရီရယ်ဝင်းက မိန့်ခွန်းအမှာစကား ပြောကြားရာမှာ လူ့အခွင့်အရေး ဘာသာရပ်တွေနဲ့ မိမိလူမှုအသိုင်းအဝိုင်းထဲ ပြန်လည်အလုပ်ကျွေးပြုရာမှာ ကေကောရီယိုတို့လို ကျောင်းသားဟောင်းတွေရဲ့ ရင်ဆိုင်ကြံုတွ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြသွားပါတယ်။
“ဒီကနေ ့ အပါအဝင်ဆိုလို ့ရှိရင် (၁၄၉) ယောက် ရှိသွားပြီပေါ့နော်။ ဆိုတော့ ဒီလူဦးရေကို ကျနော့် ကြည့်တဲ့ အချိန်မှာ မနေ့က ကျောင်းသူကျောင်းသားဟောင်းတွေအထိ ဆိုလို့ရှိရင် ကျနော်တို့ အသိုင်းအဝိုင်းမှာ ပြန်ပြီး အလုပ်အကျွေး ပြုနိုင်တာက (၇၅) ယောက်ကို ကျနော်တို့ တွေ့ရတယ်။ ဒီပြည်တွင်းကို လှုပ်ရှားနေတဲ့ ကျောင်းသူကျောင်းသားဟောင်းတွေက ၁၃ ယောက်၊ ၁၅ ယောက်ပေါ့ဗျာ။ တစ်ယောက် (xxxx) ကတော့ ကံမကောင်းစွာနဲ ့အဲမှာ အသက်ပေးခဲ့ရတာပေါ့နော်။ တယောက် (ကေကောရီယို) ကတော့ ထောင်တွင်း ၃၇ နစ် ကျကျန်ခဲ့ရတာပေါ့နော်။ အဲမှာ လူ့အခွင့်အရေး လှုပ်ရှားမှုနဲ့ သဘာဝပတ်ဝန်းကျင်အရေး နောက်ပြီးမှ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆိုတဲ့ အနေနဲ့ သူက campaign (စည်းရုံးလှုံ့ဆော်ရေး)သွားလုပ်တယ် နော်။ campaign ဟို lobby သွားလုပ်ရင်းနဲ့ အဲမှာ ထောင်ကျခံရတာ ရှိပါတယ်။”
ကေကောရီယိုဟာ ၂ဝဝ၅-၂ဝဝ၆ ပညာသင်နှစ်မှာ SDC ကနေ ဘွဲ့လက်မှတ် ရရှိခဲ့ပြီးတဲ့နောက် ၂ဝဝ၈ ဧပြီလ ၂၇ ရက်ကနေ စပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲနဲ ့ ဖယ်ခုံမှာ ရှိတဲ့ မြိုရွာပေါင်း ၁၇ ခုကိုသွားပြီးလူထုစည်းရုံး ရေး တွေ လုပ်ဆောင်ခဲ့ပါတယ်။
“သူဆွဲစိခံရတာက မေလ ၁ဝ ရက် ဆန္ဒမဲခံယူပွဲ ပြီးတဲ့နောက် ညနေ ရ နာရီလောက်မှာပဲ နအဖတွေ သူတို့ အိမ်ကို ဝင်ပြီး လာစစ်တယ်လေ၊ အဲခါကျတော့ သူတို့ရဲ့ လုပ်ရှားမှု ဓါတ်ပုံတွေ၊ ဘာညာတွေပေ့ါဗျာ တွေ့သွားပြီး သူ့အဖွဲ့ ခွန်းဘီးဒူ၊ ခွန်းဒီးဒီနဲ့ မူ(xxx)တို့လည်း ပါသွားတယ်” လို့ ကေကောရီယိုနဲ့ ကျောင်းအတူ တက်ခဲ့ဖူးသူလည်းဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးလည်း ဖြစ်တဲ့ ခွန်းအင်ဒြူးခင်းက ပြောပါတယ်။
ကေကောရီယိုရဲ့ အမှုကို ထောင်အတွင်းမှာပင် အထူးစစ်ခုံရုံးအဖြစ် ကြားနာပြီးနောက် တရားသူကြီးက သူ့အား
= The electronic Transactions ဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်၊
= ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(ခ) အရ ထောင်ဒဏ် ၂ နှစ်၊
= တရားမဝင်အသင်း ပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၃ နှစ်၊
= တရားမဝင်အသင်း ပုဒ်မ ၁၇/၂ အရ ထောင်ဒဏ် ၅ နှစ်၊
= The Myanmar immigration အက်ဥပဒေ ၁၉၄၇ ပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၅နှစ်၊
= အခွန်ဥပဒေ ပုဒ်မ ၅၃ အရ ထောင်ဒဏ် ရ နှစ်၊
စုုစုပေါင်း ထောင်ဒဏ် ၃၇ နှစ်အား သီးခြားစီ ကျခံဖို့ အမိန့်ချလိုက်ပါတယ်။
လူထုအုံကြွမှု ဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဆိုပြီး ကေကောရီယိုအား မိတ္ထီလာထောင်၊ ခွန်းဘီးဒူ (ခေါ်) လွီးဇီငြိမ်းကို တောင်ငူထောင်နဲ့ ဒီးဒီအား မန္တလေးထောင်သို့ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်က ပို့ဆောင်ခဲ့ကြပါတယ်။
ပစ်သတ်ခံရခြင်း
ကေကောရီယိုရဲ့ အဖြစ်အပျက်ပြီး သိပ်မကြာခင်မှာပဲ အသက် ၂၃နှစ် အရွယ် SDC ကျောင်းသား ခူးတူရယ် ဆိုသူဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေး အစီအစဉ်ကို ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်အောက်တိုဘာလ အတွင်း ကရင်နီပြည် ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာမှာ ပြုလုပ်နေစဉ် စစ်တပ်တို့ရဲ့ ပစ်ခတ်မှုတို့ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
လွိုင်ကော်မြို့နယ်၊ ထျေးငါးလျား စံပြရွာမှ မွေးဖွားခဲ့တဲ့ ခူးတူရယ်ဟာ SDC ကျောင်းပြီးနောက် ပြည်တွင်း၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေတဲ့့ ကရင်နီ အမြဲစိမ်းလန်းစိုပြေရေးအဖွဲ့ KnEG မှာ အလုပ်ကျွေးပြုပါတယ်။
“ကျမတို့ရဲ့ ၂ဝ၁ဝ စီမံကိန်း နေရာဒေသ ဖြစ်တဲ့ ကေးလျားမှာ သူဒီဖက်ပေါ့နော် ပြန်ထွက်သွားတဲ့အခါမှာ ဒီတချို့သော KNPP လုံခြုံရေး အဖွဲ့နဲ့သူ သွားတဲ့ အခါမှာ ဒီလမ်းမှာပေါ့နော် နအဖတပ်တွေနဲ့ တွေ့ပြီးမှ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်ကြရင်းနဲ့ပဲ ဒီတူရယ်ကို ကျည်ဆံ ထိမှန်ပြီးမှပဲ သေဆုံးသွားတယ်ပေါ့” လို့ KnEG မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။
ပြည်တွင်းမှာ လူ့အခွင့်အရေး လေ့လာခွင့် မရှိ
SDC ကို ၂ဝဝ၃ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်ထိဆိုရင် ကျောင်းပြီးသွားတဲ့ အသုတ်ပေါင်း ၈ သုတ် ရှိသွားပါပြီ။ ကျောင်းသားကျောင်းသူဟောင်း အပါအဝင် ဒီတစ်နှစ်ကျောင်းပြီးသွားတဲ့ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၄၉ ဦး ရှိပါတယ်။
“ကျနော်တို ့သင်ကြားပေးတဲ့ ဘာသာရပ်တွေက အများကြီး ရှိတယ်။ အဓိက ကတော့ Human Right, Environment နဲ့ Rule of Law ကို ကျနော်တို့ focus ပြီးသင်ပေးတာပေါ့နော” လို့ SDC မှ ဒ-ကျောင်းအုပ် ဖြစ်သူ ဆရာ ရီရယ်ဝင်းက ပြောပါတယ်။
ကျောင်းရဲ့ ပညာသင်နှစ်က တစ်နှစ်ပါ။ တနှစ်ပြီးလို့ ဘွဲ့လက်မှတ်ရပြီဆိုရင် ကျောင်းသားလူငယ်တွေဟာ လူမှုအသိုင်းအဝိုင်းကို အလုပ်အကျွေးပြုဖို့ ခြေလှမ်းတွေ ပြင်ရပါတယ်။ ဒီကျောင်းကို ပြည်တွင်းကရော နယ်စပ်ဒေသခံတွေကပါ လာရောက်ပညာဆည်းပူးနေကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ လူ့အခွင့်အရေး ပညာရပ်ကို လွတ်လပ်စွာ လေ့လာသင်ယူခွင့် မရှိလို့ အခုလို နယ်စပ်ဒေသမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ လာရောက်သင်ယူကြရတာပါ။
SDC ကျောင်းမှ အခု ၂ဝ၁၁ ပညာသင်နှစ်ပြီးသွားပြီ ဖြစ်တဲ့ ကျောင်းသားတစ်ဦး ဖြစ်တဲ့ ခူးတော်န(နာမည် အရင်း မဟုတ်)က “ကျနော်၂ဝ၁ဝ နှစ်လပိုင်းတုန်းကပဲ ဒီမှာ ရောက်တယ်။ ကျနော်ပညာ ပြည်ပမှာ လေ့လာပြီးမှ ကျနော် ပြည်တွင်း ပြန်ဝင်မယ်။ ပြီးတော့ ကျနော့်တို့ လူတွေကို ကျနော် ပြန်လည်ဦးဆောင်ဖို့ ရည်ရွယ်ချက်လည်း ပါတယ်” လို့ ပြောပါတယ်။
ကေကောရီယိုနဲ့ ခူးတူရယ်တို့ လျှောက်နေတဲ့ လမ်းဟာ အန္တရာယ်များနေမှန်း ခူးတော်နီ သိပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးသားရေးအတွက် အလုပ်ကျွေးပြုဖို့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ဆိုသလို ခူးတော်နီလို လူငယ်တွေ ဒီကရင်နီ လမှုအသိုင်းအဝိုင်းမှာ ရှိနေဆဲပါဘဲ။
အမှန်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်မှာ မကောင်းမှု လုပ်ရပ်တွေကို ဖေါ်ထုတ်ဖို့ ကြိုးစားပမ်းစား အလုပ် ကျွေးပြုနေကြတဲ့ လူငယ်မှန်သမျှကို ဇီဝိန်ချွေလိုက်၊ သံတိုင်တွေကြားမှာ သော့တွေ အလီလီ ခတ်ထားလိုက်နဲ့ လူငယ်တွေရဲ့ သံမဏိ စိတ်ဓါတ်တွေကို အရည်ပျော်အောင် တမင်လုပ်ဆောင်နေတာ တစ်ကမ္ဘာလုံးကလည်း သိနေပါတယ်။
လူငယ်ဆိုတာ လှနေတုန်း ပွင့်နေတုန်းမှာ လောကကြီးကို တန်ဖိုးနဲ ့အလှဆင်နေကြတာပါ။ သို့မှသာ သမိုင်းဝင်မယ့် သမိုင်းခြေရာရှင်တွေ ဖြစ်ကြမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အသက်ခန္ဓာကို ပဓါန မထားပဲ လူမှုအသိုင်းအဝိုင်းအတွက် အနစ်နာခံနေကြတဲ့ သမိုင်းခြေရာရှင်လေးတွေ လျှောက်နေတဲ့လမ်းဟာ လမ်းမှားလို့ ဘယ်သူမှ သတ်မှတ်လို့ မရပါဘူး။



