ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP နဲ့ အစိုးရတို့အကြား နှစ်ဦးနှစ်ဘက်ပစ်ကြ ခတ်ကြတာတွေမ ဖြစ်ဖို့ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးအတွက် ကရင်နီပြည်မှာ ဆက်ဆံရေးရုံး ၃ နေရာ ဖွင့်လှစ်ထားရှိမယ်လို့ ဆိုပါတယ်။

“အဓိက ပင်မဆက်ဆံရေးရုံးကိုတော့ လွိုင်ကော်မှာထားမယ်။ နောက်ပြီးတော့ ကျနော်တို့ဆက်ဆံရေး အတွက် လွယ်ကူချော့မွေ့စေဖို့အတွက်ဆိုပြီး ဖာဆောင်းမှာ တလုံးဖွင့်မယ်။ နောက်ပြီးတော့ ရှားတောမှာ တလုံးဖွင့်မယ်ဆိုပြီး ကျနော်တို့ စဉ်းစားထားပါတယ်” လို့ KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါတယ်။
ပြည်ထောင်စုအဆင့် ဆွေးနွေးပြီးပါက ပထမအဆင့်အနေနဲ့ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်တခုလည်း ဖြစ်ပါတယ်။ ဆက်ဆံရေးရုံး ထားရှိရေးကိစ္စဟာ နှစ်ဦးနှစ်ဘက်ပစ်ခတ်မှုတွေမဖြစ်ဖို့ ထားရှိရုံသက် သက်မဟုတ်ဘဲ နေ့တဓူဝ ဖြစ်ပေါ်လာမယ့်လုပ်ငန်း၊ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြေရှင်းနိုင်ရေး၊ ပြည်သူလူထုလိုအပ်မှုကို လွယ်ကူထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
“ဆက်ဆံရေးရုံးကတော့ နည်းမျိုးစုံ အသုံးပြုဖို့ပေါ့နော်။ ဥပမာ စစ်ရေးအသုံးပြုမှုကိစ္စတွေ၊ တဖက်နဲ့တဖက် စစ်ရေး ပဋိပက္ခ မဖြစ်အောင် ထိန်းညှိတဲ့ သဘောပေါ့။ အရေးကြီးဆုံးကတော့အဲဒါ နောက်လူထုလူမှုရေး လုပ်ငန်း တွေပေါ့နော်။ နောက်ဆိုရင် လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ အများကြီးရှိတယ်။ အဲဒီမှာလည်း ပြည်နယ်အစိုးရနဲ့ အစိုးရတို့ ညှိနှိုင်းဖို့ရှိတယ်။ ဆက်သွယ်လို့ရအောင်ပေါ့။ နောက်ဒီမှာလည်း တပ်မလှုပ်ရှားမှုတွေရှိတယ်။ တချို့ ဌာနဆိုင်ရာ လှုပ်ရှားမှုတွေရှိတယ်။ ဗဟိုအဲလိုမျိုးပေါ့။ အဲမှာ စုဖို့ရှိတယ်။ လုပ်ငန်းဆုံရပ်တခုပေါ့လေ” လို့ KNPP ဗဟို ကော်မတီဝင် ခူဒယ်နီယာက ပြောပါတယ်။
လုပ်ငန်း ဆောင်ရွက်မှု အပေါ်မူတည်ပြီး ကရင်နီပြည်နယ်အတွင်း မြို့နယ်တိုင်းမှာလည်း ဆက်ဆံရေးရုံး ထားရှိသွားမယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးကြစဉ် ကာလအတောအတွင်း ပြည်သူလူထုတွေအနေနဲ့လည်း ဆက်ဆံရေးရုံး အမြန်ထားရှိဖို့လိုလားနေကြတယ်လို့ သိရှိရပါတယ်။
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၉ ရက်နေ့၊ လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။



