ချင်းမိုင်က ကယောတွေရဲ့ ၀င်ငွေ

ချင်းမိုင်က ကယောတွေရဲ့ ၀င်ငွေ
by -
ကယားထဲ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ တစ်နာခွဲ လောက်ကား စီးသွားလိုက်ရင် မဲ့လင်ဆိုတဲ့ elephent life experience ဆင်တဲရှိတဲ့ နေရာရောက်ပါတယ်။ ဆင်တွေကို ကမ္ဘာလှည့်ခရီးသွားဧည့်သည် တွေ က အပျော်လာစီးကြတယ်။ ဆင်တွေက လည်း ရောက်လာကြတဲ့ ပရိသတ်တွေကိုအမျိုးမျိုး ကပြဖျော်ဖြေကြသလိုပန်းချီတွေ ကိုလည်းစိတ်ဝင် စားအောင် ရေးဆွဲပြနေပါတယ်။

အဲဒီမှာ ဆင်ထိန်းတဲ့ အလုပ်ကိုလုပ်နေတဲ့ သူတွေ အားလုံးလိုလိုက ကရင်နီ လူမျိုးတွေကိုတွေ့ရပါတယ်။ အဲဒီမှာ အများဆုံးထဲက ကယောလူမျိုးတွေ တော်တော်များများ ရှိနေကြပါတယ်။ ကယော အမျိုးသားတွေက ဆင်ထိန်းတဲ့ အလုပ်တွေ လုပ်နေတဲ့သူ ရှိနေသလို အမျိုးသမီးတွေလည်း တခြား တစ်နည်းတစ်ဖုံ ၀င်ငွေရှာနေကြပါတယ်။ ကယော အမျိုးသမီးတွေက တစ်ချို့ အသက် ၄၀ ကျော်အရွယ်နဲ့ ဆယ်ကျော်သက် အပျိုလေးတွေဖြစ်ကြပါတယ်။
kayw2သူတို့က ဆင်တဲ ရှိတဲ့ နေရာရဲ့ တခြားတစ်ဖက်လမ်းမှာ ထူးခြားတဲ့ လူမျိုးတွေ အဖြစ်နဲ့ ထားထားပြီး နိုင်ငံခြားသားတွေ လာလေ့လာကြတဲ့ နေရာမှာ နေကြပါတယ်။ အဲဒီမှာ ကယော အမျိုးသမီးတွေက ငွေရောင် လခြမ်းပုံရှိတဲ့ ဆွဲကြိုးကို လည်မှာ အစီအရီချိတ်ဆွဲထားတယ်။ နားရွက်ပေါက်ကျယ်ထဲမှာလည်း နားကပ်ကို အကွင်းလိုက် စွပ်ထားပြီး ကယောဝတ် ၀တ်စားဆင်ယင်မှု အပြည်အစုံနဲ့ လေးယောက်လောက်က ထိုင်နေကြ ပါတယ်။ ချည်ထည်နဲ့ ယက်ထားတဲ့ တစ်ဘက်တွေ ရိုးရာ အထည်တွေကိုလည်း ချရောင်းထားပါတယ်။ ရောက်လာတဲ့ ဧည့်သည်တွေအားလုံးကို သူတို့က ဖော်ဖော်ရွှင်ရွှင်နဲ့ ပြုံးပြနုတ်ဆက်ကြတယ်။

အဲဒီမှာ ရှိတဲ့ သူဌေးရှင်တွေက ဧည့်သည်တွေကို “သူတို့က ဒုက္ခရောက်နေကြလို့ အဆင်မပြေကြလို့ ခေါ်ထားတာ။ သူတို့က နားရွက်ကျယ်တဲ့ လူမျိုးတွေပါ”လို့ အဲဒီလို ရှင်းပြပါတယ်။

အဲဒီလို ယဉ်ကျေးမှုကို ထူးဆန်းပြဝတ်ဆင်ပြီး ၀င်ငွေတစ်ဖက်တစ်လမ်းကနေရှာတာ ကရင်နီမျိုးနွယ်စုထဲက ကယန်း(ပဒေါင်) ကြေးကွင်းပတ် လူမျိုးတွေပဲ ကြားခဲ့ဖူးပါတယ်။ ချင်းမိုင်မှာ ဒီလို နေရာမှာ ရှိတယ်ဆိုတာ အခုမှ သိခဲ့ရပါတယ်။ အဲဒီမှာလည်း

ကယန်းပဒေါင်ကြေးကွင်းပတ် တစ်ချို့ရှိပါတယ်။ တခြား လူမျိုးဖြစ်တဲ့ ပလောင်၊ လားဟူ လူမျိုးတွေလည်း ရှိကြပါတယ်။

သူတို့တွေက ရိုးရာ ၀တ်စားဆင်ယင်မှုတွေကို နိုင်ငံခြားသားတွေပြသရင်းနဲ့ ချည်ယက်ထည်တွေကို ရောင်းချ နေကြတာပါ။ သူတို့က တစ်လကို ဆန်တစ်ပုံးနဲ့ ဘတ် ၃ ထောင် ရတယ်လို့ပြောကြပါတယ်။

“အင်္ဂလိပ်တွေ များများလာရင်တော့ ပိုက်ဆံများများပိုရတာပေါ့ ပျော်လည်းပျော်ပါတယ်။” လို့ အဲဒီက ကယောမလေးက ပြောပါတယ်။

အဒေါ်အရွယ်ရှိတဲ့ ကယော အမျိုးသမီးတစ်ဦးက  “ဒီမှာလာနေတာ သုံးနှစ်ရှိပြီ ဗမာပြည်မှာနေတာထက်စာရင် ဒီအလုပ်လုပ်ရတာလည်း ကျမအတွက် အဆင်ပြေနေပါတယ်။ အလွန်ဆုံး စားဖို့ သောက်ဖို့လောက်ကတော့ ရတာပေါ့” လို့ ပြောပြပါတယ်။

သူတို့က ကယားပြည်နယ် ဖရူးဆိုမြို့နယ် ဟိုယာတိုက်နယ်ဘက်က လာတဲ့သူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် သူတို့ရဲ့ ၀တ်စားဆင်ယင်မှုကို ပြသနေရတဲ့အတွက်ကိုလည်း တချို့ သဘောမကျကြပါဘူး။

အဲဒီဆင်တဲမှာ အလုပ်လုပ်နေတဲ့ ကရင်နီ အမျိုးသားတစ်ဦးက “ကိုယ့်လူမျိုးကိုယ့် ရိုးရာတွေကို ပြစားနေကြပြီး တောင်းစားနေသလိုဖြစ်တယ်။ ဒီလို လုပ်တာမကောင်းဘူး ကျနော်ထင်တယ်။ မလုပ်ပါနဲ့ တခြား အလုပ်လုပ် စေတာ” လို့ ပြောပါတယ်။

သူတို့ အနေနဲ့ လက်ရှိ အခြေအနေမှာ မိသားစု အဆင်ပြေဖို့အတွက် ရရာအလုပ်ကို လုပ်ရင်းနဲ့ ဒီလို အလုပ်လုပ်ရတာကလည်း သူတို့အတွက် ဂုဏ်ယူစရာတစ်ခုအနေနဲ့ပဲ ခံယူထားကြပါတယ်။ သူတို့မှာ ပြည်တွင်း ပြန်ပြီး နေမယ််ဆိုရင်လည်း တခြား အလုပ်မလုပ်နိုင်တော့ပဲ ချင်းမိုင်မှာပဲ တစ်နှစ်ထက် တစ်နှစ် နှစ်ပေါင်းကြာရှည်လာခဲ့ကြပါတယ်။

မြန်မာပြည်က တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ကိုယ့်မှာထူးခြားလှပတဲ့ ရိုးရာအဆာင်အယောင်တွေကို ထိုင်းနိုင်ငံလိုတိုင်းတပါးမှာ နိုင်ငံခြားခရီးသည်တွေအတွက် အပန်းဖြေဖို့ ရွာလေးတွေတည်ထောင်ပြီး ပြစားတာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျစေတယ်ဆိုတဲ့ ယူဆမှုတွေလည်းရှိနေပါတယ်။

kayaw1“ဒီလိုပြစားတာတော့ ဘယ်လုပ်ခိုင်းစေချင်မလဲ။ ဒါပေမယ့် (ကိုယ့်နိုင်ငံက) ဖွံ့ဖြိုးတိုးတက်မှုမရှိဘူး၊ စီးပွားရေး မရှိတော့ သူတို့ လုပ်ချင်လို့လုပ်တာ။ မလုပ်ပါနဲ့လို့ သွားပိတ်ပင်တားဆီးလို့မရဘူး။ သူတို့မှာ ကိုယ်ပိုင် စဉ်းစား ဆုံးဖြတ်နိုင်တယ်။” ကရင်နီသမိုင်းအကြောင်းနဲ့ပတ်သက်ပြီး စာတမ်းပြုစုရေးသားသူဦးဗျားရယ်ပေါ လူက ပြောပြသွားတာပါ။

ကယောလူမျိုးတွေက အများစုက ဖရူးဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နေကြပါတယ်။ ယခုချိန်မှာဆို လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့တွေမှာလည်း နေထိုင်လာကြပါတယ်။ သူတို့ကို ပရဲ့လူမျိုးလို့လည်း ခေါ်ကြပါတယ်။ ရိုးရာဝတ်စုံကိုတော့ အမြဲတမ်း ၀တ်ဆင်ထားတာတွေတော့ မရှိပါဘူး။ ပွဲလမ်းသဘင်ရှိတဲ့ အချိန်မှ ၀တ်စားကြ ပါတယ်။ ယခုလက်ရှိ ချင်းမိုင်မှာ တွေ့ခဲ့တဲ့ ကယောအမျိုးသမီးတွေရဲ့ ၀တ်စားထားတဲ့ နားကွင်း၊ ခြေကွင်း၊ လည်ဆွဲ အဆင်တန်ဆာတွေဟာ ယခင်က ငွေအစစ်၊ ကြေးအစစ်တွေ ၀တ်ဆင်နိုင်ခဲ့ကြပြီး ယခုမှာတော့ ဟန်ပြနိုင်လောက်တဲ့ အတုတွေပဲ ၀တ်ဆင်နိုင်ကြပါတယ်။ မျိုးနွယ်စုတွေရဲ့ အဖိုးတန်ပစ္စည်းတွေက မရှိကြတော့တာဖြစ်ပါတယ်။

ဆင်းရဲလာကြတဲ့ ယခုခေတ်မှာတော့ ပြည်ပကိုသွားပြီး ကြံုရာအလုပ်ကိုလုပ်ကြရတယ်။ သားရေး သာမီးရေး အရေးကြံုလာရင် အဖိုးတန်ပစ္စည်းတွေ ရောင်းချလိုက်ရတယ်။ သူတို့ရဲ့ ဘဝနဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စတွေ လူမျိုးစုတွေအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူဖြေရှင်းပေး နိုင်တဲ့ ဒေသဆိုင်ရာ အုပ်ချုပ်သူ တွေရှိရင်တော့ ဘယ်သူမဆို ကိုယ့်ရဲ့ဇာတိကို အပြေးပြန်ခဲ့မှာ သေချာပါတယ်။

Most read this week