ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော

ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်သွားမည်ဟု RCSS ခေါင်းဆောင်ပြော
by -
သျှမ်းသံတော်ဆင့်

ဒုတိယပင်လုံညီလာခံကို စိတ်ဝင်စားမှုသိပ်မရှိ ပထမပင်လုံကိုသာ ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောသည်။

သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်

“၁၉၄၇ ပထမ ပင်လုံညီလာခံကြောင့် သျှမ်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ရပိုင်ခွင့်တချို့ ဆုံးရှုံးရတယ် ဆိုပေမယ့် ကျနော် ကတော့  ပထမပင်လုံကိုဘဲ ဆက်လက်စွဲကိုင်ပြီးကြိုးစားသွားမယ်။ ဒုတိယပင်လုံ ညီလာခံဆိုတာ အခန့်မသင့်ရင် ကျန်တဲ့ရပိုင်ခွင့်တွေတောင် ထပ်မံဆုံးရှုံးသွားနိုင်ပါတယ်” ဟုမကြာသေး ခင်က ကျင်းပသော အစည်းအဝေး တခု၌ပြောကြားကြောင်း ဆိုသည်။

ယခင်က မလေးရှားနိုင်ငံအား Federated Malay States  ဟုခေါ်ဆိုသကဲ့သို့ ထိုစဉ်က သျှမ်းပြည်နယ်ကို လည်း Federated  Shan States ဟု အမည်တွင်ခဲ့သည်။  ထို့ကြောင့် မလေးရှားနိုင်ငံကဲ့သို့အင်္ဂလိပ် လက်အောက်ဆက်လက်နေ သွားပါက ယခုပင်လျင် လွတ်လပ်သော နိုင်ငံတခု ဖြစ်နေပြီဟူသည်မှာ သျှမ်းခေါင်းဆောင်အချို့၏ယုံကြည်ချက်ဖြစ်သည်။

ထိုစဉ်က ပင်လုံစာချုပ်၌ ၁- ချင်း၊ ကချင်၊ သျှမ်းတို့သည် နယ်စပ်ဒေသရေးရာနှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရှိ သည်။ ၂- မိမိပြည်နယ်အတွက် ကိုယ့်ကြမ္မာကိုဖန်တီးပိုင်ခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမည်။ ၃- ဒီမိုကရေစီ နိုင်ငံများကဲ့သို့ အခြေခံကျသော ရပိုင်ခွင့်များရှိရမည်။ ၄- ငွေကြေးနှင့်ပတ်သက်၍ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိသည်။ အစရှိသည်တို့ ပါဝင်သည်။

၎င်းနှင့်ပတ်သက်၍ အစိုးရကိုယ်စားလှယ်များနှင့်ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဦးဆောင်ဦးရွက်ပြုခဲ့သော RCSS/SSA  ဒု-ဗိုလ်မှူးကြီးပေါင်ခေးက “ဒုတိယပင်လုံမသွားခင်မှာ ပထမ ပင်လုံဆီကိုပြန်လှည့်ရမှာ မလွဲပါဘူး။ ပထမ ပင်လုံတုန်းက အချက်အလက် တွေကိုပြန်လည် ဖော်ထုတ်ရမယ်။ လိုအပ်တာတွေ ဆွေးနွေးရမယ်။ ဒါကြောင့် ကျနော်တို့အတွက် ပထမ ပင်လုံဟာ အလွန်အရေးကြီးပါတယ်” ဟု ပြောဆိုသည်။

ဒုတိယပင်လုံအပေါ် ယုံကြည်စိတ်ချမှုမရှိသည်မှာ RCSS/SSA တခုတည်းမဟုတ်ဘဲ ချင်းအမျိုးသားတပ်ဦး CNF ၏ အဓိပတိကောင်စီ Supreme Council ၌ပါဝင်သူတဦးဖြစ်သော ဆလိုင်းကစ်ခေါ်လျန် ကလည်း - ဒုတိယပင်လုံတို့၊ ပင်လုံကဲ့သို့ လို့ ဘယ်လို ဘဲပြောပြာ ဒုတိယပင်လုံဆိုတာကြီး ရှင်းပြရခက်ကြီး ယုံရခက်ကြီး။ ဘာဘဲဖြစ်ဖြစ် ပထမ ပင်လုံကိုဘဲအာရုံစိုက် စေချင်ပါ တယ်။ ပင်လုံဟာ ကျနော်တို့ ပြည်ထောင်စုကြီးရဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးရဲ့ တကယ့်ခိုင်မာတဲ့အုဋ်မြစ်ဆိုတာ သေချာ ပေါက်ပါဘဲ အာဏာနဲ့အုဋ်မြစ် လုပ်ယင်မခံနိုင်ပါဘူး။ ပင်လုံကဲ့သို့သော ဆိုတဲ့စကားလုံးသုံးတာထက် ပင်လုံစိတ်ဓါတ် အခြေ ခံတဲ့ ဆိုတာမျိုးက ပိုကောင်းမယ်လို့ထင်ပါတယ်။ ပထမ ပင်လုံဟာ ကောင်းလွန်းအားကြီးလို့ အခြားပြည်နယ်တွေ ပါလာတာဘဲ။” ဟု ၂၀၁၃ ဂျန္နဝါရီလထုတ် ကုမုဒြာသတင်းဂျာနယ် ၌ဖော်ပြထားသည်။

စစ်မှန်သော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုင်း ရင်းသား တပ်ဖွဲ့များ အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးပါဝင်သည့်  ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုသားအား လုံးပါဝင်သည့် ညီလာခံ တရပ်ကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပရန်စီစဉ်နေကြောင်း အစိုးရနှင့်လက်နက်ကိုင်အင်အားစုများကဆိုသည်။

အဆိုပါ ညီလာခံကြီး၌ ဆွေးနွေးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် လူငယ်ထု အပါအဝင် အရပ်သား လူထုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို ရေးဆွဲနေဆဲဖြစ်သည်။

Most read this week