မကွေးမြို့မှ ထွက်ခွာလာသည့် အင်အား ၁,၅၀၀ နီးပါးပါ စစ်အုပ်စုတပ်၏ ယာဉ်တန်းသည် ယောဒေသ၊ လောင်း ရှည်မြို့ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၂၅) သို့ ရောက်ရှိလာပြီးနောက် လောင်းရှည်မြို့နှင့် အနီးအနား ကျေးရွာများတွင် ဖုန်းလိုင်း၊ အင်တာနက်နှင့် စတာလင့်ခ် (Starlink) လိုင်းများ ဖြတ်တောက်ခံထားရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ ယာဉ်တန်းသည် စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် မကွေးမြို့မှ စတင်ထွက်ခွာလာပြီး ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့ကို ဖြတ်သန်းကာ စစ်ကားနှင့် အိမ်စီးကား စုစုပေါင်း ၁၈၀ ကျော်ဖြင့် လောင်းရှည် ကပစ (၂၅) အတွင်းသို့ ဝင်ရောက်အထိုင်ချခဲ့ခြင်းဖြစ်သည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ကပစ (၂၅) ထဲ စစ်ကားတန်းကြီး ဝင်လာပြီးတာနဲ့ စစ်သားတွေက မြို့ထဲ ရော အနီးအနား ရွာတွေမှာပါ ဖုန်းလိုင်း၊ အင်တာနက်နဲ့ စတာလင့်ခ်များကို ချက်ချင်း ဖြတ်တောက်လိုက်တာ” ဟု ပြောသည်။
ယာဉ်တန်းတွင် ရိက္ခာ၊ လက်နက်ကြီးများနှင့် ဒရုန်းမျိုးစုံ တင်ဆောင်လာသည့် ကားများအပြင် ပြောင်း လေးခုပါ မစ်ဇိုင်းကား လေးစီး၊ ပြောင်း ၁၂ ခုပါ မစ်ဇိုင်းကား နှစ်စီး၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတင်ကား သုံးစီး၊ ဂျမ်ဘာ ကား ငါးစီးနှင့် စစ်အရာရှိကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ လိုက်ပါလာသည့် အိမ်စီးကား ၁၀ စီးထက်မနည်း ပါဝင်လာသည်။
ထိုစစ်ကြောင်းသည် ရှမ်းပြည်အခြေစိုက်တပ်များနှင့် မတ္တရာမြို့နယ်ရှိ စခန်းအချို့ကို ရုပ်သိမ်း၍ စုဖွဲ့ထားသည့် တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး ဆောမြို့နယ်ကို အဓိကထိန်းချုပ်ကာ ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဆောမြို့နယ် ပအဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဆောမြို့နယ် ပအဖအဖွဲ့ဝင်က “ဒီထိုးစစ်ဟာ ဆောနယ်မှာ ခြေကုပ်ရမှ ချင်းတောင်ပိုင်း ကန်ပက်လက်၊ ကျင်ဒွေးနဲ့ ဆောနယ်စပ်တွေကို ဆက်လက် ထိုးစစ်ဆင်နိုင်မှာမို့ ဗျူဟာကျကျ စုဖွဲ့ပြင်ဆင်လာတာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် ဆော–လောင်းရှည် ကားလမ်းမကြီးကို အပြည့်အဝ ထိန်းချုပ်ထားပြီး လမ်းဘေးဝဲယာရှိ ရင်းခေါ်၊ မင်းလယ်၊ သီးကုန်းနှင့် တောင်ဘို့ကြီးကျေးရွာများ၌ ယာယီအထိုင်တပ်စခန်းများဖြင့် နေရာယူထားသည်။
ထို့ပြင် ကျောက်ထုမြို့ အမြောက်တပ် (၃၆၈) မှ ထွက်ခွာလာသည့် အင်အား ၂၀၀ ပါ စစ်ကြောင်းတစ်ကြောင်း သည်လည်း အညာပန်းပလွန်းကျေးရွာသို့ ရောက်ရှိနေပြီး တပြင်းရွာတွင် စခန်းပြန်ထိုင်ရန်နှင့် မိအယ်ရွာဘက်သို့ စစ်ကြောင်းထိုးရန် လှုပ်ရှားလျက်ရှိသည်။
အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ်၊ အမှတ် (၆) နယ်မြေရှိ ဘောဘင်ကျေးရွာသို့ ပေါင် ၃၀၀ ဗုံး ခြောက်လုံး ကြဲချခဲ့သဖြင့် စာသင်ကျောင်း အပါ အဝင် လူနေအိမ် လေးလုံး ပျက်စီးခဲ့ကာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ် ပြုလုပ်နေသည့်အပြင် လေကြောင်းမှလည်း အချိန် မရွေး တိုက်ခိုက်လာနိုင်သဖြင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ ကျင်ဒွေးနှင့် ယောဒေသ (ဆော) တို့ရှိ ပြည်သူများအနေဖြင့် လေကြောင်းရန်နှင့် စစ်ကြောင်းရန်များကို စစ်ရေးသတိအပြည့်ဖြင့် ကြိုတင်ပြင်ဆင် ရှောင်ရှားကြရန် တော်လှန်ရေးအဖွဲ့များက နှိုးဆော်ထားသည်။







