နိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာများ ဂျပန်တွင် ကျွမ်းကျင်လုပ်သားစာမေးပွဲ ဖြေဆိုနိုင်မည်

နိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာများ ဂျပန်တွင် ကျွမ်းကျင်လုပ်သားစာမေးပွဲ ဖြေဆိုနိုင်မည်
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။

နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် Tokutei Ginou ဟုခေါ်သည့် အထူးကျွမ်းကျင်လုပ်သား စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်တော့မည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံးက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ စာမေးပွဲကို ၂၀၂၆ ခုနှစ် ဧပြီလမတိုင်မီက ဂျပန်နိုင်ငံ နေထိုင်ခွင့် အသိအမှတ်ပြုကတ် တစ်ခုရှိရုံဖြင့် ဝင် ရောက်ဖြေဆိုနိုင်သော်လည်း နောက်ပိုင်းတွင် စနစ်သစ်ပြောင်းလဲကာ Prometric ID အကောင့် ဖွင့်ခြင်းနှင့် စာ မေးပွဲရက်ချိန်းယူရာတွင် ပတ်စပို့ အချက်အလက်များကို မဖြစ်မနေ ထည့်သွင်းရမည်ဟု ပြောင်းလဲ သတ်မှတ်ခဲ့ သည်။

လက်ရှိတွင် ယင်းကန့်သတ် ပြောင်းလဲချက်ကို NUG ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံးမှ ဂျပန်နိုင်ငံ အထက်လွှတ် တော်၊ အောက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံတိုင်ပင် ဆွေးနွေးခဲ့ကြပြီးနောက် ယခုမှစ၍ ပတ်စပို့ သက်တမ်း ကုန်နေသည့် အကြောင်းပြချက်ကို ကျိုးကြောင်းဆီလျော်စွာ ဖော်ပြနိုင်ပါက ပတ်စပို့ သက်တမ်းတိုးရန် မလိုအပ် ဘဲ အထူးကျွမ်းကျင်လုပ်သား စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း NUG ဂျပန်ကိုယ်စားလှယ်ရုံး ပြန်ကြားရေးတာဝန်ခံ ကိုသန့်ဇော်ထက်က ပြောသည်။

“အခုကနေစပြီး သက်ရောက်မှုရှိနေပါပြီ။ သက်ဆိုင်ရာကို ID လုပ်တဲ့အချိန်မှာ ဘာကြောင့် ပတ်စပို့ သက် တမ်းကုန်နေတယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ကျွန်တော်တို့ ဖြေရှင်းပြီးတော့ပြောပြပေးဖို့လိုပါတယ်။ အဲ့ဒါကလည်း အကျိုးအကြောင်း ဆီလျော်မှုရှိဖို့ လိုတယ်။ စစ်အုပ်စုရဲ့လက်ဝေခံသံရုံးနဲ့ မပတ်သက်ချင်လို့ သက်တမ်းမတိုးတာမျိုးဘဲ ဖြစ်ဖြစ်ပေါ့လေ။ ဒါမျိုး ကျိုးကြောင်းဆီလျော်တဲ့ ဥပမာတွေတော့ ပြဖို့လိုတယ် ပေါ့နော်” ဟု ကိုသန့်ဇော်ထက်က ပြောသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံတွင် ဗီဇာအမျိုးမျိုးဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား ၁၈၃,၅၆၇ ဦးအထိ ရှိပြီး အထူးကျွမ်းကျင်လုပ်သား (Tokutei Ginou) ၄၄,၅၂၃ ဦး၊ ကျောင်းသားဗီဇာ ၃၅,၇၃၂ ဦး၊ နည်းပညာအလုပ်သင် (Ginou Jisshusei) ၃၅,၆၆၉ ဦးနှင့် အခြားဗီဇာများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထိုဗီဇာများအနက် နည်းပညာအလုပ်သင်များနှင့် မြန်မာနိုင်ငံတွင် ဘွဲ့မရရှိသေးဘဲ ဂျပန်ဘာသာစကား သင်တန်း တက်ရောက်နေသည့် ကျောင်းသားများသည် ဂျပန်နိုင်ငံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ယခုစာမေးပွဲမှာ အလွန်အရေးကြီးသည့် စာမေးပွဲတစ်ခု ဖြစ်လာခဲ့သည်။

”မြန်မာအလုပ်သင် သင်တန်းသားအဆင့်ကနေ ဆက်လက်ပြီးတော့ စာမေးပွဲ ဖြေပြီးတော့ ကျွမ်းကျင်လုပ်သား အဆင့်အထိ နောက်ထပ်တဆင့်မြှင့်တဲ့ စာမေးပွဲကို ဖြေဆိုနိုင်ပြီးတော့ အဲ့ကနေဆက်ပြီးတော့ စာမေးပွဲတွေ အောင်သွားရင် အလုပ်သမားအခွင့်အရေးတွေ၊ တခြားသောအကျိုးခံစားခွင့်တွေ အများကြီးရှိိတယ်ပေါ့နော်။ မိသားစုကို ဂျပန်ကိုခေါ်လို့ရတာတွေ၊ လုပ်ခလစာတက်တာတွေပေါ့” ဟု ကိုသန့်ဇော်ထက်က ပြောသည်။

ထို့ပြင် အသေးစိတ် ID အကောင့်ပြုလုပ်နည်း၊ ရှင်းပြရမည့် အချက်များနှင့် စာမေးပွဲ လျှောက်ထားနည်းများကို လာမည့်ရက်များတွင် ဆက်လက် ရှင်းပြပေးသွားမည်ဖြစ်ကြောင်း NUG ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံးက ထုတ် ပြန်ထားသည်။

ကိုသန့်ဇော်ထက်က ”ကျွမ်းကျင်လုပ်သားစာမေးပွဲတွေ မဖြေဆိုနိုင်တဲ့အခါမှာ အရေးပေါ်ကယ်ဆယ်ရေးဗီဇာကို ပြန်ပြောင်းလိုက်တာမျိုးတွေဖြစ်ကြတယ်ပေါ့နော်။ အဲ့ဒါက တကယ်တမ်းဆိုရင် ကျနော်တို့ မြန်မာနိုင်ငံသား တွေအတွက် နစ်နာတယ်။ ကျွမ်းကျင်လုပ်သားအနေနဲ့ ဆက်ပြီးသွားမယ်ဆိုရင် သူတို့အတွက် တက်လမ်းတွေ အများ ကြီးရှိတယ်” ဟု ဆက်ပြောသည်။

ဂျပန်နိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သို့ ပြန်ရန် အခက်အခဲရှိသည့် မြန်မာနိုင်ငံသား များအတွက် ရည်ရွယ်၍ ဂျပန်ပြည်တွင်း၌ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်နိုင်စေရန် လူသားချင်းစာနာ ထောက်ထားသည့် အနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးဗီဇာကို ကူညီထောက်ပံ့ပေးထားသည်။

ထို့ပြင် မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အနေ ဖြင့် အခြားနိုင်ငံများသို့ ယာယီသွားရောက်ပြီး ဂျပန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရန် Re-Entry Permit (ပြန် လည်ဝင်ရောက်ခွင့်လက်မှတ်) စာအုပ်အမျိုးအစားများကိုလည်း ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပေးလျက်ရှိသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...