အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားလာနိုင် သောကြောင့် ဒေသခံများ လိုက်နာဆောင်ရွက်ရမည့် အချက်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်နှင့် ဇူလိုင်လများက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရာမှ နေရပ်သို့ ပြန်လည် ရောက်ရှိသည်မှာ မကြာသေးမီ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူ အများစုက စိုးရိမ်ပူပန် နေကြသည်။
တမူးမြို့နယ်မှ ဒေသခံတစ်ဦးက “လက်ရှိဒေသခံတွေက နားစွင့်နေကြတုန်း အခြေအနေမျိုးပါ။ တချို့ကြတော့ လည်း စစ်ရှောင်တာကနေ ပြန်ရောက်တာ မကြာကြသေးတော့ စိတ်ဆင်းရဲတယ်လို့ ပြောကြပါတယ်။ တိုက်ပွဲ တွေ ပြန်ဖြစ်ကိုလည်း စိုးရိမ်ကြတဲ့ အခြေနေမျိုးပါ” ဟု ပြောသည်။
တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးနှင့် ကျေးရွာချင်းဆက်လမ်းများ၊ တောလမ်းများ အသုံးပြုသွားလာရာတွင် အထူးသတိပြုကြရန်၊ စစ်အုပ်စုတပ်နှင့် ဝေးကွာသော နေရာများတွင်သာ နေထိုင်ကြရန်၊ စစ်အုပ်စုတပ်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ၎င်းတို့၏ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က အသိပေးထားသည်။
ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် အများပြည်သူ သိရှိလိုက်နာနိုင်ရေးအတွက် ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာသည့် ပြဿနာများကို တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ် ကြောင်းလည်း အဆိုပါ အဖွဲ့က ဖော်ပြထားသည်။
ကလေး-တမူး လမ်းကြောင်းကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် ခမ်းပတ်၊ ကနန် အပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံ ပြည်သူ အမြောက်အမြားသည် အိန္ဒိယနယ်စပ်ဒေသနှင့် ကလေးမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ကလေး-တမူး လမ်းကြောင်းကို စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် ဝေဟင်၊ မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။







