တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ရန် NLD ထပ်မံ တိုက်တွန်း

တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ရန် NLD ထပ်မံ တိုက်တွန်း

မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက ထပ်တ လဲလဲ တိုက်တွန်းလာနေသည်။

စစ်အုပ်စုတပ်၏ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရရှိနိုင်မည် မဟုတ်ကြောင်း ပါတီဘက်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဦးဆောင်ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌လည်း တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန် ထပ်မံ ဖော်ပြထားသည်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ပြည်သူများအပေါ် အကြမ်းဖက်မှုများ လျော့ကျရေး၊ နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် သက်ဆိုင်သူ အားလုံး ပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက် အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း NLD ပါတီက ရှုမြင်ထားသည်။

စစ်အုပ်စုတပ်က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NLD ပါတီ အပါအဝင် NUG နှင့် CRPH တို့ ကို ဖယ်ကျဉ်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့ကမူ တိုင်းရင်း သား မဟာမိတ်များနှင့်အတူ လက်နက်ကိုင် လမ်းစဉ်ကို လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။

ဤသို့ နည်းမျိုးစုံ ကြိုးပမ်းနေကြသည့်အပေါ် NLD ပါတီအနေဖြင့် နိုင်ငံရေးအရ ပါဝင်လှုပ်ရှားခွင့် ရရှိရန် ကြိုးစားခြင်းဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်သည်။

“အခု NUG တို့ CRPH တို့က ဘာပဲဖြစ်ဖြစ် လက်နက်ကိုင်လမ်းကြောင်းဘက်ကို သူတို့ ပူးပေါင်းသွားတဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတော့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ NLD အနေနဲ့ Political Spaces (နိုင်ငံရေးအရ ပါဝင်လှုပ်ရှားခွင့်) ရဖို့ ကြိုးစားနေတာပေါ့။ အခုလက်ရှိအခြေအနေမှာ NLD က တရားဝင် Register လည်း မရှိသေးဘူး။ ပြီးတော့ ပြီးခဲ့တဲ့ (စစ်တပ်ကျင်းပတဲ့) ရွေးကောက်ပွဲမှာလည်း သူ ပါဝင်နိုင်ခဲ့ခြင်း မရှိသေးဘူး။ နောက် ပါတီအနေနဲ့ကလည်း ပြန်လည်စုစည်းဖွဲ့စည်းနိုင်ခြင်း မရှိသေးဘူးဆိုတော့ Party Legacy (ပါတီနဲ့ ပါတီခေါင်းဆောင်ရဲ့ ချမှတ်ထားတဲ့ မူလလမ်းစဉ်) ကို ထိန်းဖို့အတွက် သူတို့ ကြိုးစားတယ်လို့ မြင်မယ်ဆို မြင်ပေးလို့ ရပါတယ်ခင်ဗျ” ဟု ပြောသည်။

နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေး ဖြတ်သန်းမှုအရ တိုင်းပြည် ပျက်စီး ကြေမွနေသည့် အနေအထားတွင် တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်ကို ကိုင်တွယ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ ဦးကြီးမြင့်ကလည်း သုံးသပ်ပြောဆိုသည်။

“တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဖြစ်နေတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူတွေပါတဲ့ တနည်းအား ဖြင့် ကိုယ်စားပြုတဲ့ သဘောဖြစ်နေတဲ့ NUG က စစ်မနိုင်ဘူးလေ။ ဘာကြောင့်မနိုင်ဘူးဆိုတာက သီးခြား ပြဿနာပေါ့။ လောလောဆယ်မှာ အဲဒီလို အနေအထားမျိုး ‌ရောက်နေပြီဆိုတဲ့အခါကျတော့ NLD အဖွဲ့ချုပ်က လည်း နိုင်ငံရေးကို နှစ်ပေါင်း ၃၀/၄၀ လောက် ဖြတ်သန်းလာတဲ့အခါကျတော့ သိတာပေါ့၊ သူတို့လည်း မြင်တာ ပေါ့။ ဒီအနေအထားမှာတော့ တွေ့ဆုံဆွေးနွေးရေးပဲ ဒေါ်အောင်ဆန်းစုကြည်လမ်းစဉ် ကိုင်တွယ်သွားမှဖြစ်မယ်။ ဒီအတိုင်းသာ သူမနိုင် ကိုယ်မနိုင်နဲ့ တိုင်းပြည်က တော်တော် ကြေနေပြီ” ဟု ဦးကြီးမြင့်က ပြောသည်။

တစ်ဖက်တွင် NUG၊ CRPH အပါအဝင် တော်လှန်ရေး အင်အားစုများ စုဖွဲ့ထားသည့် ဖက်ဒရယ် ဦးဆောင်ကောင် စီ (SCEF) ကမူ တရားဝင် နိုင်ငံရေး ဆွေးနွေးမှု စတင်နိုင်သည့် အဆင့်သို့ မရောက်သေးကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါးလရှီးလကလည်း စစ်အာဏာရှင်စနစ် အမြစ်တွယ်နေ သည့် နိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီ ရှင်သန်နိုင်မည် မဟုတ်သဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်မှ လှန်ထုတ် ရန် လိုအပ်ကြောင်း တုံ့ပြန်ထားသည်။

စစ်အုပ်စုတပ်သည် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားသလို NLD ပါတီကိုလည်း နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းထားသည်။

Most read this week

ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...