စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ ဝင် ရောက်မှု နည်းပါးသွားသဖြင့် လက်ရှိတွင် ဟုမ္မလင်းနှင့် နမ့်တောဘက်မှ ကုန်စည်များကို အဓိက အားထားနေရ ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အင်းတော်မြို့နယ်အတွင်းရှိ ကုန်သွယ်ရေးလမ်းကြောင်းများ ပုံမှန်အသုံးပြု၍ မရတော့သဖြင့် အင်းတော်-ဗန်းမောက် လမ်းပိုင်းအစား ကွင်းလမ်းများမှတစ်ဆင့် ဆိုင်ကယ်များဖြင့် ကုန်စည်များကို အနည်းငယ်စီ သယ်ယူ နေကြရသည်။
ဗန်းမောက်ဒေသခံ အမျိုးသားတစ်ဦးက “အခုက ဆိုင်ကယ်တွေနဲ့ သယ်ယူနေရတာ။ စားသောက်ကုန်က သိပ် မပါဘူး။ ကွမ်းခြင်းတွေ၊ ကြက်ခြင်းတွေပဲ သယ်ယူကြရတာများတယ်” ဟု ပြောသည်။
လက်ရှိတွင် ဗန်းမောက်ဒေသအတွက် ကုန်ပစ္စည်းများနှင့် စက်သုံးဆီများကို ဟုမ္မလင်း-နမ့်တောဘက်မှ ဝယ်ယူ သုံးစွဲနေရပြီး၊ အင်းတော်ဘက်ရှိ ကွင်းလမ်းများမှ သယ်ယူလာသည့် စက်သုံးဆီအချို့လည်း ရှိနေသည်။
အဆိုပါ စက်သုံးဆီများမှာ ဟုမ္မလင်း-နမ့်တောဘက်မှ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟမှု သောင်းဂဏန်း ခန့်သာ ကွာခြားကြောင်း စက်သုံးဆီ သယ်ယူသူများက ဆိုသည်။
သို့သော် အင်းတော်ဘက် ကွင်းလမ်းများမှတစ်ဆင့် စက်သုံးဆီ သယ်ယူရာတွင် သယ်ယူစရိတ်နှင့် အခွန်အခ ပိုမိုကုန်ကျသည့်အပြင် လမ်းခရီး၌လည်း အခက်အခဲများစွာ ကြုံတွေ့နေရသည်။
“အင်းတော်ကွင်းလမ်းကနေ သယ်ရတာ မလွယ်ဘူး။ တစ်ပေပါကို ၅ သိန်း အခွန်ဆောင်ရတယ်။ ပြီးရင် ကားနဲ့ သယ်လို့မရဘူး။ နွားလှည်းတွေ ငှားရတယ်။ PDF က မိရင် ပစ္စည်းတွေအကုန်သိမ်းတယ်၊ ငွေတောင်းတယ်။ မလွယ်ဘူး” ဟု စက်သုံးဆီ ကုန်သည်တစ်ဦးက ပြောသည်။
ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း KIA နှင့် PDF တပ်ဖွဲ့များ ဘက်က ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် ပုံမှန် ကားလမ်းအတိုင်း ကုန်စည်သယ်ယူရန် ခက်ခဲလာခြင်း ဖြစ်သည်။
ထိုသို့ လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ပုံမှန်ကုန်တင်ကားများ သွားလာ၍ မရတော့ဘဲ ဒေသခံများနှင့် ကုန်သည်များမှာ ဆိုင်ကယ်၊ နွားလှည်းများနှင့် ကွင်းလမ်းများကိုသာ အသုံးပြု၍ ကုန်စည်များကို ခက်ခက်ခဲခဲ သယ်ယူ ရောင်းဝယ်နေကြရသည်။







