စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ နေထိုင်ခြင်း မရှိသေးသည့် နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများ၏ ပြော ပြချက်အရ သိရသည်။
ပြည်နယ်စစ်အုပ်စုသည် ယခု ၂၀၂၆ ခုနှစ်အတွင်း ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးဆိုကာ လုပ်ဆောင်ခဲ့ သလို အုပ်ချုပ်ရေးရုံးများ၊ ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက် လမ်းဆုံလမ်းမများတွင်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင် များကို တာဝန်ချ၍ စစ်ဆေးမှုများ ပြုလုပ်နေသည်။
သို့သော် မြို့အတွင်း လူမရှိသည့် နေအိမ်များ၌ ညစဉ်လိုလို ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားနေပြီး တရားခံ ဖမ်းမိ သည့် ဖြစ်စဉ် မရှိသေးကြောင်း ကော့ကရိတ်မြို့ခံများက ဆိုသည်။
ဝင်းကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “ဝင်းကြီး၊ ဆေးရုံကုန်းမှာ စစ်တပ်ကင်းရှိတယ်။ လမ်းမတန်းမှာ လည်း ဂိတ်ချထားပြီး ခလရ (၉၇) လည်း ရှိတယ်။ အိမ်ဘေးကအိမ်တွေ ဖောက်ဝင်တယ်။ ပစ္စည်းခိုးရုံတင် မဟုတ်ဘူး၊ လူအိပ်တဲ့ မိသားစုကုတင်ကိုပါ တစ်စစီဖြုတ်ပြီး ယူသွားတာ။ တချို့အိမ်တွေဆို ပြတင်းပေါက်၊ တံခါးဘောင်၊ ခုံ၊ စားပွဲတွေပါ မချန်ဘူး။ အဲဒီလောက် သောင်းကျန်းနေတာကိုတောင် ဖမ်းမမိဘူး” ဟု ပြော သည်။
ထို့ပြင် ကော့ကရိတ်မြို့ရှိ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ မြို့ပြင်ကွက်သစ်နှင့် ဝါဆိုဦးရပ်ကွက်များ ဘက်တွင်လည်း နေအိမ်ရှိ ပစ္စည်းများ ခိုးယူခံရသည့် ဖြစ်စဉ်အများအပြား ကြုံတွေ့နေရသည်။
အခြား မြို့ခံတစ်ဦးကလည်း “ကော့ကရိတ်မှာ လက်လုပ်လက်စား ဈေးရောင်းဈေးဝယ်သမားတွေပဲ ပြန်လာနေ ကြတာများတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေက ဖားအံ၊ မော်လမြိုင်၊ သာမည၊ မြဝတီဘက်တွေ ပြောင်းနေ ကြတော့ သူတို့အိမ်တွေ လူမရှိဘူး။ ခိုးချင်တိုင်း ခိုးခံနေရတာ။ စစ်တပ်နဲ့ အုပ်ချုပ်ရေးကလည်း သူတို့နေရာ သူတို့ နေတာမျိုးဆိုတော့ ဘာမှ မလုံခြုံဘူး” ဟု ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်တပ်များနှင့် စစ်အုပ်စုတပ်တို့၏ ကော့ ကရိတ် ဒေသတွင်း တိုက်ပွဲများကြောင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြို့ပေါ်နှင့် မြို့ပြင် ကျေးရွာနေ ဒေသခံများ မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုထိတိုင် မြို့အပြင်ကျေးရွာများ၌ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။
လက်ရှိတွင် ပြည်နယ်စစ်အုပ်စုက ဒေသ ပြန်လည်တည်ငြိမ်အေးချမ်းပြီဟုဆိုကာ ပြန်လာနေထိုင်ရန် စည်းရုံး ဆောင်ရွက်မှုများ ရှိနေသော်လည်း မူလလူဦးရေထက် နည်းပါးနေသေးကြောင်း ဒေသတွင်း သတင်း အရင်း အမြစ်များ ထံမှ သိရသည်။
ထို့ပြင် စစ်အုပ်ချုပ်ရေးယန္တရားအောက်ရှိ ကော့ကရိတ်မြို့တွင် ခိုးမှု၊ ဖောက်ထွင်းမှုများအပြင် ဌာနဆိုင်ရာများ၏ လာဘ်စားမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများပါ ပေါ်ပေါ်ထင်ထင် ဖြစ်ပေါ်နေသော်လည်း ပြည်နယ် စစ်အုပ်စုဘက်က လက်တွေ့ကျကျ အရေးယူ ဆောင်ရွက်ခြင်းမရှိဟု ဒေသခံများက ဝေဖန်နေကြသည်။
ဓာတ်ပုံ - (ကော့ကရိတ်မြို့တစ်နေရာ မြင်ကွင်း။ / CJ)







