ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ် ငန်းများသည် စက်တင်ဘာလအတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေ အတွင်းသို့ နေရာရွှေ့ပြောင်းမှုများ ဆက်တိုက် ပြုလုပ်လာကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များက ပြော သည်။
ဖလူး-ဝေါလေ လမ်းပိုင်းရှိ ကဆောဝါးလေးတောင်၊ ကျော်ဝါးဘိုးတောင်နှင့် ရဲကုန်းစခန်း နေရာများတွင် စစ် အုပ်စုတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး လေကြောင်းနှင့် ဒရုန်း ဗုံးကြဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ကျားဖြန့်လုပ်ငန်းများ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်၍ DKBA ထိန်းချုပ်နယ်မြေအတွင်းသို့ နေရာ ရွှေ့ပြောင်းနေကြခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ လုပ်ကိုင်နေသည့် ဒေသခံ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးက ပြောသည်။
“စစ်တပ်က လက်နက်ကြီးနဲ့ ဖလူးက DKBA စခန်းကို ပစ်တယ်၊ ပြီးတော့ ကျောက်ခက်က ဗုဒ္ဓဂါယာ ဘုရား ကုန်းကို ကာမီကာဇေ (အသေခံဒရုန်း) ကြဲချတယ်ဆိုတော့ တရုတ်ကျားဖြန့်တွေ မနေကြတော့ဘူး။ ဆုံဆည်း မြိုင် ဌာနချုပ်ကို ပြောင်းတယ်၊ တောင်နီ၊ ဝါးမီထဘက်၊ ဝေါလေ ကမ်းနားဘက်တွေ ပြောင်းကုန်တယ်။ အဲဒီ ဘက်က အဆောက်အအုံတွေကို ကျနော်တို့ ဆောက်ပေးနေတာ။”
ကျားဖြန့် ငွေလိမ်လုပ်ငန်းများ ရွှေ့ပြောင်းရာတွင် နေရာထိုင်ခင်းပြုလုပ်ရန် ဝေါလေလမ်းပိုင်း တောင်ကျောဘက် နေရာများ၌ အဆောက်အအုံအသစ်များကို ဆောက်လုပ်ပေးနေရခြင်းဖြစ်ပြီး ထိုနေရာများသို့ မြန်မာအပါအဝင် တရုတ်လူမျိုးနှင့် အခြားနိုင်ငံခြားသားများလည်း ရွှေ့ပြောင်းရောက်ရှိလာကြောင်း ဆုံဆည်းမြိုင် ရွာခံများက ပြောသည်။
အမည်မဖော်လိုသူ ရွာခံတစ်ဦးက "ဆုံဆည်းမြိုင်မှာလည်း ဆိုင်တွေလာဖွင့်ကြတယ်။ တောင်နီ တောင်ကျော ပေါ်မှာ 'ရွှေတောင်နီ' ဆိုပြီး ကျားဖြန့်ဆိုဒ်အသစ်တွေရှိသလို လူတွေလည်းလာပြောင်းနေကြတယ်။ ကျောက် ခက်၊ ဖလူး၊ မင်းလက်ပံမှာ တိုက်ပွဲ ဖြစ်နေတာကြောင့် တရုတ်တွေ ဒီဘက်ပြောင်းလာကြတာ၊ ဈေးဆိုင်တွေ လည်း ဒီဘက်ကို ရွှေ့လာကြတာ” ဟု ပြောသည်။
အဆိုပါ ကျားဖြန့်များ နေရာရွှေ့ပြောင်းရာတွင် DKBA ဘက်က လုံခြုံရေး လိုက်ပါဆောင်ရွက်မှု ရှိကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ DKBA ဗဟို ဆက်ဆံရေးရုံးသို့ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာတွင် တစ်စုံတစ်ရာ မှတ်ချက်ပေး ဖြေကြားခြင်းမရှိပေ။
လတ်တလောတွင် ဖလူး-ဝေါလေ လမ်းပိုင်းရှိ တိုက်ပွဲဖြစ်ပွားရာ လမ်းကြောင်းများ၌ စစ်အုပ်စုတပ်ဘက်က ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသည့်အပြင် ညအချိန်တွင် လေကြောင်းဗုံးကြဲမှုများ ရှိလာနိုင်သဖြင့် အထူးဂရုစိုက် နေထိုင်ကြရန် KNLA မဟာမိတ်တပ်ဖွဲ့က ဒေသခံများကို သတိပေးထားသည်။







