မန္တလေး - မြစ်ကြီးနား ခရီးစဉ် ဇက်ကူး သွားလာနေရသဖြင့် တစ်ပတ်နီးပါး ကြာမြင့်နေ

မန္တလေး - မြစ်ကြီးနား ခရီးစဉ် ဇက်ကူး သွားလာနေရသဖြင့် တစ်ပတ်နီးပါး ကြာမြင့်နေ
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)

ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ ကြုံတွေ့နေရဆဲ ဖြစ်သဖြင့် ခရီးသည်တင် မော်တော်ယာဉ်များသည် လမ်းကြောင်းပြောင်း၍ ကသာမြို့ဘက်သို့ ဇက်ဖြင့် ကူးတို့ကူးကာ သွားလာနေကြရကြောင်း ယာဉ်မောင်းများက ပြောသည်။

မန္တလေးဘက်မှ တက်လာသည့် ကားများသည် ယခင်အတိုင်း ထီးချိုင့်တံတားဘက်သို့ မဖြတ်တော့ဘဲ ရွှေကူ ဘက် လမ်းကြောင်းကို အသုံးပြု၍ ရွှေကူမြို့မရောက်မီ ငအိုးကျေးရွာအနီးရှိ ဒုံးအောဆိပ်ကမ်းမှတစ်ဆင့် ကသာမြို့ဘက်သို့ ဇက်ဖြင့် ကူးတို့ကူးနေကြခြင်း ဖြစ်သည်။

ကသာသို့ ရောက်ရှိပါက ကသာ – နဘား – ပင်ဝဲ – စီပန်း – မော်လူး ဗျူဟာလမ်းပိုင်းအတိုင်း မြစ်ကြီးနားဘက် သို့ ဆက်လက် မောင်းနှင်နိုင်သည်။

ယာဉ်မောင်းတစ်ဦးက “ငအိုး ဒုံးအောဆိပ်ကမ်းကနေ ကသာကိုကူးတာပေါ့နော်။ အခုက မန္တလေးကနေ ထီးချိုင့် တံတားကို မဖြတ်တော့ဘူး။ ရွှေကူဘက် လမ်းပေါ့။ ရွှေကူမရောက်ခင် ငအိုးမှာကူးကြတာပေါ့။ ကသာကို တိုက်ရိုက်ရောက်တဲ့ ဒုံးအောဆိုတဲ့ဆိပ်ကမ်းကနေပဲ သွားနေကြတာ” ဟု ပြောသည်။

အဆိုပါ လမ်းကြောင်းမှာ မန္တလေး - မြစ်ကြီးနား တိုက်ရိုက်ပြေးဆွဲသည့် ကားများ အရင်က သုံးနေကျ လမ်းကြောင်း မဟုတ်သည့်အပြင် ဇက်ကူးရန် စောင့်ဆိုင်းရသဖြင့် ခရီးချိန် ပိုမို ကြာမြင့်လျက် ရှိသည်။

ဇက်ကူးရန်အတွက် ၂ ရက်ခန့် စောင့်ဆိုင်းရသည့် အကြိမ်များလည်း ရှိသဖြင့် မန္တလေးမှ မြစ်ကြီးနားအထိ ခရီးစဉ်တစ်ခုလုံးမှာ ၅ ရက်မှ တစ်ပတ်နီးပါးအထိ ကြာမြင့်နေခြင်း ဖြစ်သည်။

အခြား ယာဉ်မောင်းတစ်ဦးက “ဒီဒုံးအောလမ်းကနေတော့ မန္တလေး - မြစ်ကြီးနား တိုက်ရိုက်ကားတွေက မသုံး ဖူးဘူးလေ။ ခရီးစဉ်ကတော့ ဇက်ကူးရတဲ့အခါလည်း စောင့်ရတယ်။ ၂ ရက်လောက်စောင့်ရတော့ ခရီးစဉ်က ၅ ရက်၊ တစ်ပတ်လောက် ကြာတတ်တယ်” ဟု ပြောသည်။

ကုန်တင်ယာဉ်များအတွက်မူ အဆိုပါ လမ်းကြောင်းကို အသုံးပြုရန် ပိုမို အခက်အခဲရှိနေသည်။

လက်ရှိ ပြေးဆွဲနေသည့် ဇက်မှာ ၆ ဘီးယာဉ်များကိုသာ တင်ဆောင်ပေးနိုင်ပြီး ၁၂ ဘီးယာဉ်များနှင့် တွဲဘီးယာဉ် ကြီးများမှာ ဇက်ကူး၍ မရသဖြင့် မန္တလေး - မြစ်ကြီးနား အဓိကလမ်းပိုင်းမှ ကုန်စည်ပို့ဆောင်ရန် မဖြစ်နိုင်သေး ပေ။

တစ်ဖက်တွင်လည်း မန္တလေး - မြစ်ကြီးနား လမ်းပိုင်းရှိ အင်းတော်ကွင်းလမ်းဘက်တွင် လမ်းကြောင်းများကို ကျေးရွာအလိုက် သီးခြားစီ ပိတ်ဆို့စစ်ဆေးနေမှုများ ရှိနေပြီး အချို့နေရာများတွင်သာ ယာဉ်များကို ဖြည်းဖြည်း ချင်း ပြန်လည် ထွက်ခွာခွင့်ပြုနေသည်။

ပုံမှန်အားဖြင့် မန္တလေးမှ မြစ်ကြီးနားသို့ သွားလာရာတွင် အရှေ့လမ်းပိုင်းနှင့် အနောက်လမ်းပိုင်းဟူ၍ လမ်းကြောင်း ၂ ခုကို အသုံးပြုကြသည်။

အဓိက သွားလာသည့် အနောက်လမ်းကြောင်းမှာ မန္တလေး - စစ်ကိုင်း - ရွှေဘိုမှတစ်ဆင့် အင်းတော်၊ မော်လူး ဘက် လမ်းပိုင်းဖြစ်သည်။

သို့သော် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှစ၍ အဆိုပါ လမ်းကြောင်းတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်း၊ စစ်ရေး အခြေအနေကြောင့် လမ်းများ ပိတ်ထားခြင်းနှင့် အချို့နေရာများတွင် ကွင်းလမ်းများမှ သွားလာရခြင်းများ ရှိခဲ့ သည်။

ထို့ကြောင့် ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် စစ်အုပ်စုတပ်က အရှေ့ဘက်လမ်းပိုင်းမှ နေရာအချို့ကို ပြန်လည် ထိန်းချုပ်ပြီးနောက် မန္တလေး - မတ္တရာ - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူးဘက်မှ မြစ်ကြီး နားသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...