ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထား သည့် ပြောင်းခင်းများမှာ မရင့်မှည့်မီ ကတည်းက ကြွက်များ၏ ဖျက်ဆီးမှုနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေး ရှောင် များက ပြောသည်။
ပြောင်းပင်များကို ပေါင်းမြက် ရှင်းလင်းပြီးနောက်ပိုင်း ကြွက်ဖျက်ဆီးမှု ပိုမိုများပြားလာသည့်အပြင် ပြောင်းဖူး များ အနည်းငယ် ရင့်မှည့်လာချိန်တွင် ကြွက်များက ပိုမိုစားသောက် ဖျက်ဆီးလာကြခြင်းဖြစ်သည်။ ယခုကဲ့သို့ ကြွက်ဖျက်ဆီးမှု ခံနေရသည်မှာ တစ်လဝန်းကျင်ခန့် ရှိပြီဖြစ်သည်။
စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “မြက်တွေ ရှင်းပေးလေလေ၊ ကြွက်က စားလေလေပဲ။ ပြောင်းက နည်း နည်း ရင့်မှည့်လာရင် ကြွက်က ပိုစားတာ။ တော်တော်တော့ စားတယ်” ဟု ပြောသည်။
ကြွက်များသည် ပြောင်းဖူးများ ရင့်မှည့်လာချိန်တွင် သာမက မရင့်မှည့်မီ ကတည်းက ဖျက်ဆီးစားသောက်နေ ကြခြင်း ဖြစ်ပြီး အချို့ ပြောင်းခင်းများမှာ တစ်ခင်းလုံး ပျက်စီးသွားသည့်အထိ ဖြစ်ပေါ်နေသည်။
စစ်ဘေးရှောင်များတွင် သီးခြား စိုက်ပျိုးမြေနေရာ မရှိသဖြင့် တောတောင်နှင့် ချောင်းဘေး ဝန်းကျင်များ၌ စိုက်ပျိုးနေကြရပြီး အဆိုပါ နေရာများတွင် ကြွက်များ ပိုမိုကျက်စားသဖြင့် ဖျက်ဆီးမှု ပိုများရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ရှင်းပြသည်။
၎င်းက “မြေနေရာမရှိဘူးလေ၊ တောတောင်ထဲဖြစ်တယ်၊ ချောင်းဘေးတွေဖြစ်တော့ ကြွက်က ပိုဖျက်ဆီးတာ။ ကြွက်တွေက ပြောင်းနည်းနည်းရင့်မှည့်ရင် စားပြီ။ တစ်ခင်းလုံးပါပဲ” ဟု ပြောသည်။
စစ်ဘေးရှောင်များ တစ်ပိုင်တစ်နိုင် ပြောင်းစိုက်ပျိုးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရရှိနိုင်ရန် ရည်ရွယ်၍ လူမှုအသင်းအဖွဲ့တစ်ခုက ပြောင်းမျိုးစေ့များ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ဝက်နှင့် ဒေသကြက်များကိုလည်း မွေးမြူထားကြပြီး စိုက်ပျိုးရရှိသည့် ပြောင်းများကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသလို အများစုမှာ ရောင်းချရန် စိုက်ပျိုးကြခြင်း ဖြစ်သည်။
စစ်ဘေးရှောင်များသည် စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြသော်လည်း စိုက်ပျိုးမြေနေရာ အခက်အခဲ၊ ရာသီဥတုနှင့် ပိုးမွှားဖျက်ဆီးမှုများကြောင့် ဒုက္ခများ ကို နှစ်စဉ် ရင်ဆိုင်နေကြရသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ကြွက်ဖျက်ဆီးမှုကြောင့် ပြောင်းအထွက်နှုန်း များစွာ လျော့ကျသွားနိုင်ကြောင်း စစ်ဘေး ရှောင်များက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိသည်။







