ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ ချောင်းရိုး တစ်လျှောက် ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်၏ ‘ရန်နိုင်မင်းစစ်ဆင်ရေး (၄၉၂၆ စစ်ဆင်ရေး)’ ၌ အကျအဆုံး များပြားခဲ့သည်။
ထိုသို့ အထိအခိုက်များခဲ့ပြီးနောက် စစ်အုပ်စုတပ်အနေဖြင့် အမှန်တကယ် ထိရောက်သည့် ထိုးစစ်ဆင်မှုကို မပြုလုပ်နိုင်တော့ဘဲ ဟန်ပြအဆင့်သာ ပြုလုပ်နေရပြီဖြစ်ကြောင်း တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။
၎င်းက “သူတို့ထိုးစစ်လုပ်ချင်ပေမယ့် လုပ်လို့ မရတော့ဘူး။ စစ်တပ်က စစ်တွေစစ်မျက်နှာမှာ သေတာ ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိမယ်။ စစ်သားတွေ ပြန်မတက်ရဲတော့ဘူး။ တစ်ဖွဲ့က မတက်ရဲတော့ နောက်ထပ် အသစ် စစ်ကြောင်းတွေ ထပ်တင်ပြီး ထိုးစစ်လုပ်ပေမယ့်လည်း ထပ်အကျအဆုံးများတော့ ထပ်မတက်ရဲတော့ဘူး။ ဒါကြောင့် ဟန်ပြသဘောမျိုး လေယာဉ်တွေနဲ့ လာပစ်တယ်။ အသေခံဒရုန်းတွေနဲ့ လာချတယ်။ ဒီလောက်ဘဲ လုပ်နိုင်တော့တယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်နေ့ ညဉ့်အစောပိုင်းမှ စတင်၍ အမြင့်ကျွန်း (မင်းချောင်းတံတား) မှ မင်းဂံချောင်းဝအထိ ချောင်းရိုးတစ်လျှောက် နေရာ ၅ ခုခန့်၌ ချောင်းကို ဖြတ်ကူးကာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ နယ်မြေများကို ရုတ်တရက် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
အာရက္ခတပ်တော်က အသာတကြည် နောက်ဆုတ်ပေးလိုက်သည်ကို စခန်းများ သိမ်းပိုက်ရရှိသည်ဟု အထင် ဖြင့် တက်လာရာ သတ်ကွင်းအတွင်းသို့ ရောက်ရှိသွားပြီးမှ AA က အနီးကပ် တိုက်ခိုက်ချေမှုန်းခဲ့သဖြင့် အကျ အဆုံး အလွန်များပြားခဲ့ကာ စစ်ကြောင်းအားလုံး ရှေ့မတိုးနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရသည်။
၎င်းက “သေတာ ၂၀၀ ကျော်၊ ၃၀၀ လောက်သေတယ်။ ဒါအတိအကျဘဲ။ ဒဏ်ရာရတာတွေလည်း အများ အပြား ရှိတယ်။ အေအေက ကျုံးသွင်းသလိုမျိုး ဟပေးလိုက်တာ။ ဘယ်လိုမှ အခုစစ်တွေမှာ ရောက်ရှိ တိုက်ပွဲ ဝင်နေတဲ့ စစ်သားတွေ ထပ်မတက်ရဲတော့ဘူး။ လုံး၀ကို လန့်ဖြတ်သွားပြီ” ဟု ဆက် ပြောသည်။
လက်ရှိ ထိုးစစ်အတွင်း အာရက္ခတပ်တော်၏ စခန်းတစ်ခုကိုမျှ သိမ်းပိုက်နိုင်ခြင်း မရှိသည့်အပြင် စစ်အုပ်စုတပ် ရှေ့တန်းခြေကုပ်ယူထားသည့် စခန်းများမှပင် နောက်ဆုတ်ပေးနေရကြောင်းနှင့် အထိအခိုက် အကျအဆုံး များပြားခဲ့မှုကို အာရက္ခတပ်တော် စစ်ရုံးချုပ်နှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်များကလည်း အတည်ပြုသည်။
ထို့ပြင် အမြင့်ကျွန်း (မင်းချောင်းတံတား) မှ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းမှာလည်း ပြန်လည် ထိုးစစ် မဆင်နိုင်တော့ဘဲ ဒရုန်းများဖြင့်သာ တိုက်ခိုက်နေရပြီး အာရက္ခတပ်တော်ကလည်း ဒရုန်းများဖြင့် ပြန်လည် တိုက်ခိုက်သဖြင့် ရခိုင်စစ်မြေပြင်တွင် ဒရုန်းများကို ပိုမိုအားထားလာရသည့် စစ်ရေးပုံစံသို့ ပြောင်းလဲလာ ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်အုပ်စုတပ်သည် အထိအခိုက် အကျအဆုံးများခဲ့သည့် စစ်တွေမြို့နယ်မှ နေရာ ၂ ခုသို့ တကျော့ပြန် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်ခဲ့သော်လည်း စစ်ကြောင်းများ ရှေ့မတိုးနိုင်ခဲ့ဘဲ နောက်ပိုင်းတွင် ဒရုန်းများကိုသာ အဓိကထား တိုက်ခိုက်လာခြင်းဖြစ်သည်။
စစ်အုပ်စုတပ်က အင်အား ၂၀၀ ကျော်ဖြင့် ခမောင်းတောနှင့် ဝါဘိုကျေးရွာဘက်သို့ ထပ်မံ ထိုးစစ်ဆင်လာ ရာတွင်လည်း အောင်မြင်မှုမရဘဲ အကျအဆုံးများဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။
ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက "ပထမ ထိုးစစ်ဆင်ခါ အဲဒီခမောင်းတောနဲ့ ဝါဘိုနားမှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ သူတို့ ထိုးစစ်တက်လာတာကို AA ဖက်က သတ်ကွင်းရောက်မှ အပြတ်ပစ်ချတာပါ။ အဲဒီ နေရာတွေက ပြန်ဆုတ်သွားခဲ့ပြီး အခု အဲဒီနေရာတွေကို မနေ့ကစပြီး ထပ်မံ ထိုးစစ် ဆင်လာတယ်" ဟု ပြော သည်။
စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၄ ရက်နေ့က လေကြောင်း၊ ရေကြောင်း ပစ်ကူများ အပါအဝင် ရွှေမင်းဂံမှ ပစ်ကူယူ၍ ရဲရိုးပြင်မှတစ်ဆင့် ခမောင်းတောသို့ စစ်ကြောင်းတစ်ကြောင်း၊ ကြံတောကာကင်းစခန်းမှ ဝါဘိုကျေး ရွာသို့ စစ်ကြောင်းတစ်ကြောင်း၊ အမြင့်ကျွန်းမှ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာဘက်သို့ စစ်ကြောင်း တစ်ကြောင်းနှင့် ရွာဟောင်းချောင်းမှ မင်းလှရွာသို့ စစ်ကြောင်းတစ်ကြောင်း ခွဲကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းများသည် အာရက္ခတပ်တော်နှင့် အကြိမ်ကြိမ် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကျအဆုံး အများအပြားဖြင့် နောက်ဆုတ်ခဲ့ရပြီး ထပ်မံ၍ အပြင်းအထန် ထိုးစစ်မဆင်နိုင်တော့ကြောင်း ဒေသတွင်း စစ်ရေးရင်းမြစ်များက ပြောသည်။







