စစ်အုပ်စု နှင့် KIO တွေ့ဆုံဆွေးနွေးရန် အလှမ်းဝေးနိုင်သေးဟု လေ့လာသူများ သုံးသပ်

စစ်အုပ်စု နှင့် KIO တွေ့ဆုံဆွေးနွေးရန် အလှမ်းဝေးနိုင်သေးဟု လေ့လာသူများ သုံးသပ်
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd

စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထံ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အမှန်တကယ် တွေ့ဆုံနိုင်ရန် အလှမ်းဝေးနိုင်သေးကြောင်း ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ကချင်ဒေသအတွင်းသို့ စစ်အုပ်စု၏ စစ်သင်္ဘောများ အုပ်စုလိုက် ဝင်ရောက်လာချိန် ကချင်လွတ်လပ်ရေး တပ်မ တော် (KIA) နှင့် ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က စစ်ရေး အရ အထိအခိုက် များပြားနေချိန်တွင် ထိုသို့ ဆွေးနွေးရန် ကမ်းလှမ်းချက် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလာခြင်းမှာ စစ်ရေးအရ ရှုံးနိမ့်မှုများပြားလာ၍ KIA ဘက်သို့ ဦးလှည့်လာခြင်းဖြစ်နိုင်ကြောင်း ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက သုံးသပ်သည်။

၎င်းက “စစ်တပ်ဘက်က အခုလိုပြောဆိုလာတာက စစ်ရေးရှုံးနိမ့်လာလို့လို့ပဲမြင်ပါတယ်။ အခု ရခိုင်ဘက်ဆိုရင် လည်း ကုန်သလောက်ရှိလာပြီလေ။ တိုက်ပွဲတောင် မြို့ပေါ်တွေမှာပဲ ပစ်ခတ်နေကြပြီလေ။ AA ကိုလည်း စစ် ရေးပြန်ပြီး ရှုံးလာတဲ့အပေါ်မှာ KIA ဘက်ကို ပြန်ပြီး ဦးလှည့်လာတယ်။ ကချင်ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲ တွေ ငြိမ်သက်သွားအောင် လုပ်နိုင်မလားဆိုပြီး လုပ်လာတယ်လို့ ထင်ပါတယ်။ KIA နဲ့ ညှိနှိုင်းတာတွေ လုပ်နိုင် တော့ ဖြေလျှော့လာမယ်လို့ ဗျူဟာရှိလို့ထင်တယ်” ဟု ပြောသည်။

လက်ရှိ ကချင်ဒေသ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများအပြင် KIO အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်းကာ စစ် အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများကြောင့်လည်း လက်ရှိတွင် တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ခြေ မရှိနိုင်သေးဟု အထက်ပါ လေ့လာသူက ထပ်မံဆိုသည်။

“အခုလောလောဆယ် တွေ့ဆုံဖို့တော့မဖြစ်နိုင်လောက်သေးဘူး။ ဘာလို့လဲဆိုတော့ KIO/KIA ဥက္ကဋ္ဌ ကိုယ်တိုင် က ပြည်သူတွေနဲ့ ထိတွေ့ ပြောဆိုတဲ့အခါတိုင်းမှာလည်း စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဆိုပြီး အမြဲ ပြောဆိုနေတာဆိုတော့ KIO ကနေ သွားဖို့က တော်တော်ခက်ခဲအုံးမယ်” ဟု ၎င်းက ဆက်ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှု သတင်းများ ထွက်ပေါ်နေချိန်တွင်ပင် ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

စစ်အုပ်စုတပ်သည် ကချင်ပြည်၏ ဒုတိယမြို့တော်ဖြစ်သော ဗန်းမော်မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ ၂၁ ရက်မှ စက်တင်ဘာလဆန်းပိုင်းအထိ ၂ ကြိမ်တိတိ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောများ ဖြင့် စစ်လက်နက်နှင့် ရိက္ခာများ သယ်ဆောင်ကာ ဆန်တက်လာခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် စစ်သင်္ဘော ၁၅ စီး ပါဝင်သည့် ရေယာဉ်စုကို KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ရွှေကူ မြို့အထက် စင်းခန်းနှင့် ဇင်းဘုံ စသည့် မြစ်ကြောင်းတစ်လျှောက်မှ ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စု၏ စစ်သင်္ဘော ၇ စီးထက်မနည်း ထိခိုက်ပျက်စီးကာ စစ်သုံ့ပန်း ၁၅၀ ကျော် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၉ ရက်နေ့က ဒုတိယအကြိမ် ထပ်မံဆန်တက်လာသည့် စစ်သင်္ဘော ၄ စီးအနက် ၃ စီးကို လည်း တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။ အဆိုပါ စစ်သင်္ဘောများမှာ KIA နှင့် တော်လှန် ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ကသာနှင့် ရွှေကူ မြစ်ကမ်းတစ်လျှောက်တွင် ဆက်လက် ပစ်ခတ်ခံနေရပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

ထိုသို့ စစ်ရေးပြင်းထန်နေချိန်တွင် ဆွေးနွေးပွဲများ ဖြစ်လာရန် မလွယ်ကူသေးကြောင်း အခြား စစ်ရေး၊ နိုင်ငံရေး လေ့လာသူ အမျိုးသားတစ်ဦးကလည်း သုံးသပ်သည်။

“အခုချိန်မှာ စစ်ရေးပြင်းထန်နေတဲ့ အချိန်ဖြစ်တဲ့အတွက် တွေ့ဆုံမှုခက်ခဲအုံးမယ် ထင်တယ်။ စစ်တပ်ဘက်က နေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေလည်း တပြိုင်နက် လုပ်ဆောင်နေတာ ဖြစ်တယ်။ နေပြည်တော်အထိ သွား ပြီး တွေ့ဆုံတာတွေက မလုပ်နိုင်သေးဘူးလို့ထင်ပါတယ်။”

စစ်အုပ်စု လက်အောက်ခံ NSPNC အဖွဲ့က နေပြည်တော်သို့ လာရောက်တွေ့ဆုံရန် စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် KIO ထံ စာပေးပို့ ကမ်းလှမ်းထားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ထိုကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားစာ ရရှိခြင်း မရှိသေး ကြောင်း ပြောသည်။

“ကျနော်ကိုယ်တိုင် မကြားမိသေးပါဘူး။ သိလည်း မသိရသေးသလို ညွှန်ကြားပြောဆိုထားတာလည်း မရှိသေး ပါဘူး။ ဒါကြောင့် ပြောပြဖို့ မရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

KIO သည် ၂၀၁၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များကို စစ်အုပ်စုက ချန်လှပ်ထားခဲ့သဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မရေးထိုးခဲ့ပေ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ အားလုံး ပါဝင်သည့် ဆွေးနွေးပွဲမျိုး ဖြစ်ပါက ပါဝင်သွားမည်ဟု KIO က သဘောထား ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပသည့် ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် လည်း KIO တစ်ဖွဲ့တည်း မဟုတ်ဘဲ NUG အပါအဝင် တွေ့ဆုံရန် ဆန္ဒရှိမရှိ KIO ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က မေးခွန်းထုတ်ခဲ့ဖူးသည်။

Most read this week

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...