ဖာပွန်ထိုးစစ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅၀ ကျော် သေဆုံးဟု ကေအဲန်ယူ ထုတ်ပြန်

ဖာပွန်ထိုးစစ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅၀ ကျော် သေဆုံးဟု ကေအဲန်ယူ ထုတ်ပြန်
ဓာတ်ပုံ - KIC
ဓာတ်ပုံ - KIC

ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့ ထိုးစစ် ဆင်လာသည့် ၃ လခွဲကာလအတွင်း စစ်အုပ်စုတပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၅၂ ဦး သေဆုံးခဲ့ကြောင်း KNU - မူတြော်ခရိုင်က စက်တင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နယ်မြေ အပြည့်အဝ ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးထားရသည့် ဖာပွန်မြို့နှင့် စစ်ရေး အချက်အချာကျ ဗျူဟာကုန်း စခန်းသို့ တပ်ကူပေးရန် စစ်အုပ်စုသည် ကမမောင်း လမ်းကြောမှတစ်ဆင့် ပြီးခဲ့သည့် မေလ ပထမအပတ်မှစ၍ ယနေ့အထိ အင်အားသုံး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သို့သော် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် ထိုးစစ် ၃ လကျော်အတွင်း စစ်အုပ်စုဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၅၂ ဦး သေဆုံးကာ စစ်ရေးအရ ရှုံးနိမ့်နေသည်ဟု ကေအဲန်ယူ တပ်မဟာ (၅) က ဆိုသည်။

တပ်မဟာ (၅) ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က “ဒီအတောအတွင်း ရန်သူစစ်ကြောင်းတက်လာပြီး အကြမ်းဖက် လုပ်ဆောင်မှုတွေ သူတို့ရဲ့ဆုံးရှုံးမှုတွေက မှန်ကန်တဲ့ အကြောင်းအရာတွေ ဖြစ်လို့ ကျနော်တို့ ကြွားချင်တာ မဟုတ်ဘဲ ပြည်သူလူထု သိရဖို့ ထုတ်ပြန်တာဖြစ်တယ်” ဟု ပြောသည်။

ထို့ပြင် အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးနှင့် ဒုတပ်ခွဲမှူး အပါအဝင် ၂၀၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၃၆ ဦးမှာ တပ်ဖွဲ့မှ စွန့်ခွာ ထွက်ပြေးသွားကြောင်း ကေအဲန်ယူ မူတြော်ခရိုင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုတပ်သည် ဖာပွန်-ကမမောင်း လမ်းကြောတစ်လျှောက်ရှိ ကျေးရွာများကို လက် နက်ကြီးနှင့် လေကြောင်းမှ တိုးမြှင့် ပစ်ခတ်သည့်အပြင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ၃ လကျော်ကာလအတွင်း ဒေသခံ ၄ ဦး သေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ် ၂၇၅ လုံး၊ စာသင်ကျောင်း ၁၈ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၅ ခု ပျက်စီးခဲ့ရသည်။

လက်ရှိတွင် ကျေးရွာ ၂၇ ရွာမှ ဒေသခံ ၃၅,၉၈၁ ဦးမှာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

တစ်ဖက်တွင် စစ်အုပ်စုက ဖာပွန်ထိုးစစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားပြီး ၎င်းတို့ဘက်မှ အသာစီး ရရှိထားသည့်အသွင် ဝါဒဖြန့်သတင်းများကို စစ်တပ်လောဘီ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ဆက်တိုက် ဖြန့်ဝေလျက်ရှိသည်။

ဓာတ်ပုံ - KIC

Most read this week

ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...