မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို ဖမ်းဆီးစစ်ဆေးမှုများ သိသိသာသာ ပိုမိုများပြားလာပြီး စက်တင်ဘာလအတွင်း ချင်းလူမျိုး ၃၀ ခန့် ဖမ်းဆီးခံထားရကြောင်း မလေးရှား-မြန်မာ လူမှုရေးအသင်းထံမှ သိရသည်။
စက်တင်ဘာလဆန်းပိုင်းအတွင်း မလေးရှားနိုင်ငံရောက် ချင်းလူမျိုး ရွှေ့ပြောင်းနေထိုင်သူ ၃၀ ခန့်ကို အထောက် အထားမရှိဘဲ တရားမဝင် နေထိုင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ အရ ဖမ်းဆီးထားခြင်းဖြစ်သည်။
မလေးရှား-မြန်မာ လူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ သိရသလောက်တော့ ဒီလအတွင်းမှာ ၃၀ ယောက်ဝန်းကျင်လောက် ဖမ်းဆီးခံရတာရှိတယ် သူတို့ကို အထောက်အထားမရှိဘဲ တရားမဝင်နေထိုင်မှု လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၆-၆၃ ပုဒ်မ ၆ (၁)(ဂ) နဲ့ အဖမ်းခံထားရတယ် စက်တင်ဘာလထဲ ဖမ်းဆီးမှုတွေ ပိုများပြားလာတယ်” ဟု ပြောသည်။
ထို့ပြင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန (JIM) သည် UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူများ ကိုလည်း အလုပ်ခွင်များအတွင်း ဖမ်းဆီး၍ လဝက ဥပဒေပုဒ်မ ၃၉ (ခ) ဖြင့် တရားစွဲဆိုမှုများ ပြုလုပ်လာနေ သည်။
အဆိုပါနှင့် ပတ်သက်၍ မလေးရှား-မြန်မာ လူမှုရေးအသင်း တာဝန်ရှိသူက “ဒုက္ခသည်ကတ် ကိုင်ဆောင်ထား သူတွေကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနက အလုပ်လုပ်ခွင့်မရှိဘူးလို့ ထုတ်ပြန်လာတယ်။ တချို့နေရာမှာ တော့ ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူတွေကို အလုပ်ခွင်မှာ ဖမ်းဆီးပြီး လဝက ဥပဒေပုဒ်မ ၃၉ (ခ) နဲ့ တရား စွဲဆိုတာတွေ လုပ်လာတယ်။ ကျနော်တို့ အနေဖြင့် UNHCR ရုံးနဲ့ လက်တွဲပြီးတော့ ဆောင်ရွက်နေတာ ရှိပါ တယ်” ဟု ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့ကလည်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသည် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလား ဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် နီပေါ စသည့် နိုင်ငံခြားသားအများအပြား ရှိသော စက်မှုဇုန် ၄၀ တွင် ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ လူပေါင်း ၂,၁၅၉ ဦးကို စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား ၁,၁၉၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။







