CRPH နှင့် ပြိုင်ဆိုင်ရန် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ကို စစ်အုပ်စုလွှတ်တော် ဖွဲ့စည်း

CRPH နှင့် ပြိုင်ဆိုင်ရန် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ကို စစ်အုပ်စုလွှတ်တော် ဖွဲ့စည်း
ဓာတ်ပုံ – MPU
ဓာတ်ပုံ – MPU

အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက် လာသော စစ်အုပ်စု၏ အသွင်ပြောင်း စစ်အစိုးရ၏ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းအရ သိရှိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ ပြန်တမ်းတွင် ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအရ MPU ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄-ခ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေပုဒ်မ ၄ တို့နှင့်အညီ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ MPU ၌ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးဂျဲန်ဖန်နော်တောင် (ခ) ဦးနော်တောင်နှင့် အဖွဲ့ဝင်များအဖြစ် တိုင်းနှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများ ပါဝင်ကြသည်။

လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများ မှန်ကန်ခိုင်မာပြီး ပြည်ထောင်စုအဆင့် လွှတ်တော် များနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်လွှတ်တော်များအကြား လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ လွှတ်တော်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု၊ အတွေ့အကြုံ ဖလှယ်မှုများ တိုးတက်လာ စေရေးနှင့် လုပ်ငန်းအစီအစဉ်များ ချမှတ်နိုင်ရန် MPU ကို ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

MPU ၏ တာဝန်များတွင် နိုင်ငံတကာ လွှတ်တော်များအဖွဲ့ (IPU)၊ အာဆီယံပါလီမန်များ ညီလာခံ (AIPA) တို့နှင့် ဆက်သွယ်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး၊ သင်တန်းများနှင့် လေ့လာရေးခရီးစဉ်များ စေလွှတ်ရေးတို့လည်း ပါဝင်သည်။

အခြားတစ်ဖက်တွင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) က အဓိက ဆွေးနွေးဘက် မိတ်ဖက်အဖြစ် ဆက် လက် အသိအမှတ်ပြုထားဆဲဖြစ်သည်။

ယခုကဲ့သို့ MPU ကို ဖွဲ့စည်းခြင်းသည် စစ်အစိုးရ၏ လွှတ်တော်ကို နိုင်ငံတကာနှင့် ဆက်ဆံနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပြသရန်နှင့် နိုင်ငံရေးအရ တရားဝင်မှု ရရှိရန် ကြိုးပမ်းသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

CRPH ၏ အခန်းကဏ္ဍကို ပြိုင်ဆိုင်ရန်နှင့် နိုင်ငံရေးအရ တရားဝင်မှုကို ပြန်လည်သိမ်းယူရန် စစ်အစိုးရက MPU ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ထားသည်။

“အဲဒီတော့ ဒီဟာအနေနဲ့ ဘာဖြစ်လာမလဲဆိုရင် အခုလက်ရှိ အနေအထားမှာတော့ CRPH ကို လက်ခံထားတဲ့ ဟာရယ်၊ နောက် CRPH နဲ့ တောက်လျှောက် ဆက်ဆံရေးရှိနေတဲ့ အနေအထားအရ MPU ကို ပြောင်းလဲပြီး လက်ခံလာဖို့ဆိုတာက ချက်ခြင်းမှာတော့ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ဒီလိုမျိုး ဖွဲ့စည်းပြီးတော့ အသွင်ပြောင်း အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံတွေရဲ့ လွှတ်တော်တွေနဲ့ ပိုပြီးတော့ ချိတ်ဆက်လာခြင်းအားဖြင့် ဒီနိုင်ငံအတွင်းမှာ ဒီလို မျိုး လွှတ်တော် အင်စတီကျူးရှင်းတွေက နိုင်ငံတကာချိတ်ဆက်မှုတွေနဲ့ ပုံမှန်ပြန်ဖြစ်သွားပြီး နောက် အခုလက် ရှိ အသွင်ပြောင်းအစိုးရက တရားဝင် အစိုးရဖြစ်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် ဖန်တီး တည် ဆောက်လာနိုင်တယ်လို့ ကျနော်တို့ မှန်းထားလို့ ရပါတယ်ခင်ဗျ။”

စစ်အုပ်စုတပ်အနေဖြင့် အပိုင်းလိုက် ရွေးကောက်ပွဲမှတစ်ဆင့် အရပ်သား အသွင်ပြောင်း အစိုးရအဖြစ် ထူထောင်ထားသော်လည်း အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နိုင်ငံရေးအရ တရားဝင် အသိ အမှတ်ပြုမှုကို ရရှိခြင်း မရှိသေးပေ။

စစ်အုပ်စုတပ် ထောက်ခံသည့် မိတ်ဖက်နိုင်ငံများဖြစ်သော ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ လာအိုနှင့် ဗီယက်နမ် စသည့် နိုင်ငံများသို့ ဦးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် ခရီးစဉ်များအတွင်း လွှတ်တော်အချင်းချင်း၊ ပါတီ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးမှုများ ရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ထိုင်းသံအမတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အုပ်စု၏ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကျူးလွန်သူ များကို ဆက်လက် အရေးယူ ပိတ်ဆို့ကြရန် တိုက်တွန်းထားသည်။

စစ်အုပ်စုဘက်က MPU ဖွဲ့စည်း၍ ကမ္ဘာ့ပါလီမန် အဖွဲ့အစည်းများတွင် ဝင်ဆံ့နိုင်ရန် ကြိုးပမ်းနေသည့် အခြေ အနေနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ထောက်ပြပြောဆိုသည်။

“ပထမတော့ De facto (လက်တွေ့မြေပြင် ထိန်းချုပ်မှု) ပေါ့ကွာ။ အဲဒီကနေ De jure ဖြစ်လာပြီပေါ့။ De jure (ဥပဒေအရ/ရွေးကောက်ပွဲအရ အသိအမှတ်ပြုမှု) ဖြစ်လာအောင်လည်း သူတို့က (စစ်အစိုးရ/စစ်လွှတ် တော်) လုပ်ပြတယ်။ De jure ဖြစ်ပြီ အသိအမှတ်ပြုတဲ့ နိုင်ငံတွေကလည်း များလာတယ်။ De facto ပဲ မင်း တို့က De jure မမဟုတ်သေးဘူးဆိုတဲ့ (အာဏာသိမ်း စစ်အစိုးရနဲ့ တော်လှန်ရေးအင်အားစု) အချင်းချင်း အား ပြိုင်တာပဲလေ။ အဲဒီတော့ သူကလည်း ဒီလိုကမ္ဘာ့ပါလီမန်တွေမှာ ဝင်ဆံ့အောင် လုပ်တဲ့ဟာကတော့ ဒါ သူတို့ ဘက်က ကြိုးစားမှုပေါ့။ အဓိကတော့ စစ်နိုင်ဖို့ပဲကွ၊ စစ်နိုင်တဲ့သူ အသာစီးရတဲ့သူ ကမ္ဘာ့နိုင်ငံတွေက တဖြည်း ဖြည်း အသိအမှတ်ပြုလာမှာပဲ။ အဲဒါပဲ‌‌နော်။”

MPU ၏ သက်တမ်းကို ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကတို့၏ တာဝန်ထမ်းဆောင်မှု သက် တမ်းနှင့်အညီ ပြင်ဆင်ဖွဲ့စည်းရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ MPU ၏ သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့် တစ်ပြိုင်နက်တည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...