ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား ပြည်သူများကို စစ်အုပ်စုတပ်က ခရီးသွားလာခွင့် တားမြစ်ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြော သည်။
ထိုသို့ ကန့်သတ်မှုကို စက်တင်ဘာလဆန်းပိုင်းမှစ၍ စတင်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီး တစ်ဦးက KNG သို့ ပြောသည်။
၎င်းက “အရင်ကတော့ ရပါတယ်။ ထောက်ခံစာပါရင် လွတ်တယ်။ ဒီရက်ပိုင်းကတော့ မရတော့ဘူး။ ထောက်ခံ စာပါလာရင်လည်း ပြန်လွှတ်နေတယ်။ အသက် ၁၅ နှစ်အထက်နဲ့ ၄၀ အောက်တွေ မသွားခိုင်းဘူး၊ ပြန်ခေါက် ခိုင်း နေတယ်” ဟု ပြောသည်။
လတ်တလောတွင် ထောက်ခံစာ ပါလာသည့်တိုင် လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ် စစ်ဆေးရေးဂိတ်များမှ ပြန်လှည့်ခိုင်းနေကြောင်း ကားမောင်းသူများနှင့် ခရီးသွား ပြည်သူများက ပြောဆိုသည်။
ခရီးသွား ပြည်သူများ၏ ပြောပြချက်အရ ပူတာအိုမှ မြစ်ကြီးနားဘက်သို့ ဆင်းလာသူများကို ဆွမ်ပီယန်ကျေးရွာ ရှိ စစ်အုပ်စုတပ်ဂိတ်မှ ပြန်လှည့်ခိုင်းနေသကဲ့သို့ မြစ်ကြီးနားမှ ပူတာအိုဘက်သို့ တက်သွားသူများကိုလည်း မြစ်ဆုံအထက်ဂိတ်မှ ပြန်လှည့်ခိုင်းနေသည်။
ပူတာအိုဘက်သို့ သွားမည့် ခရီးသည်တစ်ဦးက “မြစ်ကြီးနားကနေ ပူတာအိုတက်ရင် မြစ်ဆုံအထက်ဂိတ်မှာ ပြန် လှည့်ခိုင်းတယ်။ ထောက်ခံစာပြလည်း မရဘူး။ ပူတာအိုကနေ မြစ်ကြီးနားဆင်းလာတဲ့ ခရီးသည်တွေ ဆိုရင် လည်း ဆွမ်ပီယန်ဂိတ်ကနေ ပြန်လှည့်ခိုင်းနေတယ်။ ဒီဘက်ကျော်လို့ မရဘူး” ဟု အခက်အခဲကို ရှင်းပြသည်။
ယခုကဲ့သို့ ကားလမ်းပိုင်း သွားလာခွင့် ကန့်သတ်ခံရမှုကြောင့် ပြည်သူများမှာ လေကြောင်းခရီးကိုသာ အဓိက အားကိုး သွားလာနေကြရသည်။
ထို့ကြောင့် လက်ရှိတွင် ပူတာအို–မြစ်ကြီးနား လေကြောင်းခရီးစဉ်များ၌ လေယာဉ်လက်မှတ် ဈေးနှုန်းမှာ တစ်ဦး လျှင် ကျပ် ၅ သိန်းကျော်မှ ၆ သိန်းဝန်းကျင်အထိ မြင့်တက်လာသည့်အပြင် လက်မှတ်ရရှိရန်လည်း အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းနေရသဖြင့် အဖက်ဖက်မှ ပိုမိုခက်ခဲလာကြောင်း ပူတာအို ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “လေယာဉ်လက်မှတ် အသွားတစ်ခေါက်စာက ကားနဲ့ အသွားအပြန်တစ်ခေါက်စာလောက် ရှိတယ်။ လေယာဉ်နဲ့ ခရီးတစ်ခါသွားဖို့ လက်မှတ်စောင့်ဝယ်ရတာ အနည်းဆုံး နှစ်ပတ်၊ သုံးပတ်၊ တစ်ခါတလေ တစ်လ လောက် စောင့်ရတယ်။ မလွယ်ဘူး။ ကားလမ်းနဲ့ပဲ လွယ်တယ်၊ အကုန်အကျလည်း သက်သာတယ်။ အခုလို မသွားရ၊ မလာရလို့ ကန့်သတ်ထားတော့ ပြည်သူတွေ အရမ်းနစ်နာတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်း တွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၃၀ အောက် လူငယ်၊ လူလတ်ပိုင်းများကို ခရီးသွားလာခွင့် တားမြစ်ခဲ့ ဖူးသည်။
ထို့နောက် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ မတိုင်မီအထိ လူငယ်နှင့် လူလတ်ပိုင်းများ ကား ဖြင့် ခရီးသွားမည်ဆိုပါက စစ်အုပ်စုတပ်ဘက်သို့ ကြိုတင်အကြောင်းကြားရခြင်း၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာများ၏ ထောက်ခံစာ ပါရှိမှသာ သွားလာခွင့်ပြုခြင်းများ ရှိခဲ့သော်လည်း လက်ရှိတွင်မူ အသက် ၁၅ နှစ် အထက်နှင့် ၄၀ အောက်များကို ခရီးသွားလာခွင့် ထပ်မံတင်းကျပ် တားမြစ်လိုက်ခြင်း ဖြစ်သည်။
အထက်ပါ ဒေသခံ အမျိုးသားက “အခုတစ်ခေါက်က ဘာကြောင့်လဲဆိုတာ အသေးစိတ် မသိရသေးဘူး။ အရင် တုန်းကတော့ KIA က ဆွမ်ပရာဘွမ်မှာ လူငယ်တွေကို စုဆောင်းရေးလုပ်နေတော့ အဲဒီမှာ လူငယ်တွေ ပါသွား မှာ၊ တောဘက်မှာ အင်အားများလာမှာ စိုးရိမ်လို့ ဒီကနေ အဝင်အထွက်ကို ထိန်းချုပ်ထားတဲ့ပုံစံ ဖြစ်တယ်” ဟု ဆက် ပြောသည်။
ပူတာအို - မြစ်ကြီးနား လမ်းမကြီးသည် ခေါင်လန်ဖူးနှင့် နောင်မွန်းဘက်သို့ပါ ဆက်သွယ်ထားသည့် အဓိက လမ်း ပိုင်းတစ်ခုဖြစ်ပြီး လက်ရှိတွင် ခေါင်လန်ဖူးမြို့နယ်အတွင်း စစ်အုပ်စုတပ်၊ ဌာနေပြည်သူ့စစ်တပ်များနှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ထို့ပြင် ပူတာအို - မြစ်ကြီးနား ကားလမ်းပေါ်တွင်ရှိသည့် ဆွမ်ပရာဘွမ်မြို့ကိုလည်း KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။ လက်ရှိတွင် မြစ်ကြီးနားဘက်ခြမ်း၌ တန်ဖရဲအထိလည်းကောင်း၊ ပူတာအိုဘက်ခြမ်း၌ ဆွမ်ပီယန်အထိလည်းကောင်း စစ်အုပ်စုတပ်က ထိန်းချုပ်ထားပြီး KIA ပူးပေါင်းတပ်များက ဆွမ်ပရာဘွမ်မြို့နယ် အတွင်း လမ်းပိုင်းတစ်လျှောက်နှင့် မြစ်ကြီးနားမြို့နယ်အတွင်း ဝဒတ်ကျေးရွာအထိ ထိန်းချုပ်ထားသည်။
ဓာတ်ပုံ – (ပူတာအိုဘက်သို့ ပြေးဆွဲနေသည့် ကုန်ကားအချို့ကို တွေ့ရစဉ်။ / KNG)







