ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ထောက်ပံ့ ကူညီမှုများကို စစ်အုပ်စုထံမှ တစ်ဆင့်သာ ပေးအပ်ရမည်ဟု ကန့်သတ်ထားသဖြင့် စခန်းအချို့တွင် ရိက္ခာပြတ် လပ်ကာ ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသည်။
စစ်တွေဒေသခံတစ်ဦးက “စစ်တွေမှာ ဒုက္ခသည် လက်ခံထားတဲ့ ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ပြည်တွင်းပြည်ပက ကူညီချင်ရင် သေချာစိစစ်ပြီးမှ အစိုးရမှ တစ် ဆင့်ပေးရမယ်လို့ တားမြစ်ထားပါတယ်။ ဒါကြောင့် ဒုက္ခသည်များတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရိက္ခာ ပြတ်လပ်ပြီး ငတ်မွတ်မှု ကျရောက်နေပါတယ်” ဟု ပြောသည်။
လက်ရှိ ရိက္ခာပြတ်လပ်၍ အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းများအနက် ယတြာကျောင်း၊ လရောင်ဝင်းကျောင်း၊ သံဃာ့ရာဇာကျောင်းနှင့် အာသောကာရုံကျောင်းတို့ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
စစ်အုပ်စု လက်အောက်ခံ ပြည်နယ်အစိုးရက ထိုသို့ တားမြစ်လိုက်သဖြင့် အလှူရှင်များ လုံးဝမရှိသလောက် နည်းပါးသွားသဖြင့် ကယ်ဆယ်ရေးစခန်းရှိ စစ်ဘေးရှောင်များမှာ အထူးအခက်အခဲ ဖြစ်ပေါ်နေကြကြောင်း စစ်ဘေးရှောင်တစ်ဦးကလည်း ပြောသည်။
“အခုစားဖို့ အခုဆန်မရှိဘူး။ လူတွေက မငတ်ရုံတမယ်ပါ။ မနက်စားရရင် ညနေစာမရှိဘူး။ ညနေစာစားရရင် မနက်စာမရှိဘူး။ အလှူရှင်တွေကလည်း အပြစ်ဖြစ်မှာကို စိုးရိမ်ပြီး ဘယ်သူမှ မလှူရဲတော့ဘူး။ တော်တော် အခက်အခဲဖြစ်နေရပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်၏ မြို့တော် စစ်တွေတွင် ဆန်အပါအဝင် ရိက္ခာများအားလုံးကို ရန်ကုန်ကို မှီခိုနေရပြီး ရန်ကုန်မှ သင်္ဘောများဖြင့် တင်ပို့နေရခြင်း ဖြစ်သည်။
ရန်ကုန်မှ သင်္ဘောများ ရောက်ရှိမလာပါက ကုန်ဈေးနှုန်းများ လွန်စွာ မြင့်တက်သွားသဖြင့် သင်္ဘောမရောက် လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်အုပ်စု လက်အောက်ခံ ရခိုင်ပြည် အစိုးရအဖွဲ့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။







