ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်း အမြန်ပြန်ဖွင့်ပေးရန် ဒေသခံများ တောင်းဆို

ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်း အမြန်ပြန်ဖွင့်ပေးရန် ဒေသခံများ တောင်းဆို
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ဖားကန့်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့အား ဆက်သွယ်ထားသည့် ဟုမ္မလင်း - ဆယ်ဇင်း ရေကြောင်းလမ်းကို SNA က စစ်ရေးအခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဝန်းကျင်မှစ၍ ပိတ်ထားခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ရေကြောင်းလမ်း ပိတ်ထားခြင်းကြောင့် ဟုမ္မလင်းနှင့် ဖားကန့်ဘက်သို့ သွားလာကြသူများသည် မန္တလေး၊ မြစ် ကြီးနားဘက်သို့ ကွေ့ပတ်သွားလာနေရသဖြင့် ခရီးချိန်နှင့် ကုန်ကျစရိတ်များ ပိုမိုများပြားလျက်ရှိသည်။

အသက် ၅၀ ကျော်အရွယ် ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက “ဟုမ္မလင်းကနေ ဖားကန့်ဘက်သွားတဲ့ ရေ ကြောင်းလမ်းက ပိတ်ထားတာ ကြာပြီ။ အဲ့ဒါပိတ်ထားလို့ အခု ဖားကန့်ဖြစ်ဖြစ် သွားချင်ရင် ဟုမ္မလင်းကနေ မန္တလေးအထိ ဆင်းရတယ်။ အဲကနေတဆင့် မြစ်ကြီးနား၊ အဲကနေတဆင့် ဖားကန့်ကို ပြန်ဆက်ရတာ နှစ်ဆင့်၊ သုံးဆင့် သွားနေရတာ အဆင်မပြေဘူး။ ရေလမ်းမပိတ်ရင် တစ်ညနဲ့ ရောက်တယ်။ ပြန်ဖွင့်ပေးရင် ကောင်း မယ်” ဟု ပြောသည်။

အဆိုပါ ရေကြောင်းလမ်းသည် ဟုမ္မလင်းမြို့မှ ကက်သာကျေးရွာ (ဒေသအခေါ် ကျက်သလောက်ရွာ) အထိ သွားလာနိုင်ပြီး ကက်သာမှတစ်ဆင့် ဖားကန့်မြို့နယ်အတွင်းရှိ ဆယ်ဇင်းနှင့် ဟောင်ပါးဘက်အထိ ဥရုချောင်း အတိုင်း ဆက်လက်သွားရောက်နိုင်သည့် လမ်းကြောင်း ဖြစ်သည်။

လက်ရှိတွင် ဟုမ္မလင်းမှ ကက်သာအထိ သွားလာ၍ ရသော်လည်း ကက်သာရွာကျော်လွန်၍ ဖားကန့်ဘက်သို့ သွားလာခွင့်ကိုမူ SNA က ပိတ်ပင်ထားကြောင်း ဒေသခံများက ဆိုသည်။

အထက်ပါ ဟုမ္မလင်းမြို့ခံ အမျိုးသမီးက “အခုလောလောဆယ် ဟုမ္မလင်းကနေ ကျက်သလောက်ရွာအထိတော့ သွားလို့ရတယ်။ ကျက်သလောက်ကနေ ဟိုဘက်ကိုတော့ သွားလို့မရဘူး။ ကျက်သလောက်ရွာကနေ SNA က ပိတ်ထားတာ” ဟု ပြောသည်။

ရေကြောင်းလမ်း ပိတ်ထားသဖြင့် ဟုမ္မလင်းဘက်နှင့် ကချင်ပြည်နယ် ဖားကန့်ဒေသဘက်မှ ခရီးသွား ပြည်သူ များသည် မုံရွာ၊ မန္တလေးဘက်သို့ ကွေ့ပတ်သွားလာနေရပြီး ခရီးစရိတ် ပိုမိုကုန်ကျလျက်ရှိသည်။

လက်ရှိတွင် မန္တလေးမှ မြစ်ကြီးနားအထိ လေယာဉ်စီးနင်း၍ အဆိုပါမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် ဆက်လက် သွားရောက်နေရသဖြင့် တစ်ဖက်သွား ခရီးစရိတ် ကျပ်သိန်း ၂၀ ဝန်းကျင်အထိ ကုန်ကျနေကြောင်း ဆိုသည်။

ဒေသခံတစ်ဦးက “အဓိကတော့ ငွေပိုကုန်တာပေါ့။ အခုအခြေအနေအရ မန္တလေးကနေ မြစ်ကြီးနားအထိ လေယာဉ် နှစ်ဆင့်ခံစီးရတယ်။ အဲကနေတဆင့် ကားပြန်စီးရတယ်။ အသွားကိုပဲ လေယာဉ်စရိတ်၊ ကားစရိတ် သိန်း ၂၀ ဝန်းကျင်ကုန် တယ်။ ရေလမ်းကြောင်းဆိုရင် ဟုမ္မလင်းကနေ ကက်သာအထိ နှစ်သိန်းခွဲ၊ ဟိုဘက်ကို လမ်းဖွင့်ရင် သုံးသိန်းဝန်း ကျင်လောက်ရှိမယ်ဆိုတော့ ငါးသိန်း၊ ခြောက်သိန်းပဲ ကုန်မှာ။ အခုက သိန်း ၂၀ လောက်ကုန်နေတာ” ဟု ပြောသည်။

ပုံမှန်အခြေအနေတွင် ဟုမ္မလင်းမှ ဆယ်ဇင်း၊ ဟောင်ပါးဘက်အထိ စက်လှေစီးနင်းကာ ထိုမှတစ်ဆင့် ဖားကန့်သို့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဆက်လက်သွားရောက်နိုင်သဖြင့် ခရီးချိန် ၁ ညမှ ၂ ရက်ခန့်သာ ကြာမြင့်ပြီး ကုန်ကျစရိတ်မှာ ကျပ် ၅ သိန်းကျော်ခန့်သာ ရှိကြောင်း ဒေသခံများက ပြောသည်။

ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက “ရေကြောင်းရှိရင်တော့ ဟုမ္မလင်းကို သွားရတာ မခက်ဘူး။ ဟောင် ပါးကနေ ဆယ်ဇင်းကနေတဆင့် ဟုမ္မလင်းအထိ ဆင်းသွားရုံပါပဲ။ စက်လှေခလည်း သိပ်မကုန်ဘူး။ အခုက မြစ် ကြီးနားအထိတက်ပြီး အဲကနေတဆင့် မန္တလေးကို ဆင်းရသေးတယ်။ အဲကနေမှ ဟုမ္မလင်းရောက်မှာဆိုတော့ အဝေးကြီးကို ပတ်သွားနေရတာ အဆင်မပြေဘူး” ဟု ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ကက်သာကျေးရွာသည် ဟုမ္မလင်းမြို့နယ်အတွင်း တည်ရှိပြီး လက်ရှိတွင် SNA က ထိန်းချုပ်ထားသည့် ကျေးရွာဖြစ်သည်။

ကက်သာကျေးရွာကျော်လွန်သည့် ကချင်ပြည်ဘက်ခြမ်းတွင် KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသဖြင့် SNA က ရေကြောင်းလမ်းကို ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အစပ် ဆယ်ဇင်းကျေးရွာ အနီးဝန်း ကျင်တွင် SNA တပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...