ရွှေကူတွင် စစ်အုပ်စု စစ်သင်္ဘော ၂ စီးကို KIA က ထပ်မံတိုက်ခိုက်ဖျက်ဆီး

ရွှေကူတွင် စစ်အုပ်စု စစ်သင်္ဘော ၂ စီးကို KIA က ထပ်မံတိုက်ခိုက်ဖျက်ဆီး

ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ ရေယာဉ် ၂ စီးကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သဖြင့် စက်တင်ဘာလ ၉ ရက် မွန်းလွဲ ပိုင်းတွင် မီးလောင်ပျက်စီးသွားကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနှင့် ပေပင်ဆိပ်ကမ်းတို့မှ စက်တင်ဘာလ ၄ ရက်တွင် ဒုတိယအကြိမ် ဆန်တက်လာ သည့် ရေယာဉ်အုပ်စုအနက် ရေယာဉ် ၉ စီးသည် စက်တင်ဘာလ ၈ ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိလာပြီး မြစ် ကမ်း၌ ကမ်းကပ်ထားစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက “ကသာကနေ သင်္ဘောတွေ ရွှေကူကိုရောက်တယ်။ ရွှေကူမှာ ကမ်းကပ်ထားတယ်လို့ ကြား သိရတယ်။ အဲဒါကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ ပျက်စီးမီးလောင်သွားတယ်လို့ ကြားသိရတယ်။ တင်လာတဲ့ ကုန်တွေကတော့ ဘယ်လိုလဲတော့ မသိဘူး။ သင်္ဘော ၂ စီးကိုတော့ တိုက်ခိုက်လို့ မီးလောင်ပျက်စီး သွားတယ်ဆိုတာ ဒီလောက်တော့ ကြားသိရပြီ။ တခြားတော့ ကျနော်တို့ သိရတာ ဘာမှမရှိသေးပါဘူး” ဟု ပြော သည်။

ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ ရွှေကူသို့ ရောက်ရှိလာသည့် ရေယာဉ် ၉ စီးတွင် ဖလပ် သံခွန်အကြီး ၁ စီး၊ တွဲတွန်းရေယာဉ် ၄ စီးနှင့် စစ်သင်္ဘော ၄ စီး ပါဝင်သည်။ အဆိုပါ ရေယာဉ်များသည် ရွှေကူမှ မြစ်အထက်ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးစားစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“အားလုံးသင်္ဘောက ၉ စီးရောက်တယ်လေ၊ မနေ့ကရောက်တာ။ မီးလောင်ပျက်စီးတာက ဒီနေ့ (၉ ရက်နေ့) နေ့လည်လောက်က လောင်တာ။ အဓိကတော့ သံခွန်အကြီးတစ်စီးပါမယ်။ တွဲတွန်း ၄ စီးပါမယ်။ စစ်သင်္ဘောက ၄ စီးပါမယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း လက်ရှိ ရေယာဉ်များ ရွှေကူ၌ပင် ရှိနေသေးပြီး မြစ်အထက်ဘက်သို့ နည်းနည်းဆန်တက်ရန် ကြိုးစားစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

“လောလောဆယ် ရွှေကူမှာပါပဲ။ ဒီနေ့တော့ နည်းနည်းတက်ဖို့ ကြိုးစားတာနဲ့ မီးလောင်သွားတာ။ အခုတော့ မသိသေးဘူး။ နေ့လည်က အခြေအနေပဲ သိရသေးတာ။”

မီးလောင်ပျက်စီးသွားသည့် ရေယာဉ် ၂ စီး အမျိုးအစားနှင့် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။ KNG မှ ရရှိထားသည့် ဓာတ်ပုံများအရ ပျက်စီးသွားသည့် ရေယာဉ်များတွင် တွဲတွန်း ရေယာဉ် ပါဝင်နိုင်သော်လည်း အမျိုးအစားကို သီးခြား အတည်မပြုနိုင်သေးပါ။

ဒုတိယအကြိမ် ဆန်တက်လာသည့် ရေယာဉ်အုပ်စုမှ ရေယာဉ် ၂၇ စီးမှာ လက်ရှိ ထီးချိုင့်မြို့နယ် မောင်းကုန်း၌ ကမ်းကပ်ထားပြီး ကျောက်မီးသွေးများ ချနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ရေယာဉ်များသည် စစ်အုပ်စုတပ်က မန္တလေးမှ ကချင်ပြည်ဘက်သို့ ဒုတိယအကြိမ် စေလွှတ်သည့် ရေကြောင်းစစ်ကြောင်းမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ထိုသို့ မဖြစ်မီ ဩဂုတ်လ ၂၁ ရက်ကလည်း ရေယာဉ် ၁၅ စီးခန့် ပါဝင်သည့် ပထမအကြိမ် ရေယာဉ်အုပ်စု စစ်ကြောင်း ဆန်တက်လာခဲ့ရာ ရွှေကူနှင့် စင်းခန်းဒေသတစ်ဝိုက်တွင် KIA နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု ကြောင့် ရေယာဉ်အချို့ ပျက်စီးနစ်မြုပ်ခဲ့ပြီး တိုက်ခိုက်ရေးသင်္ဘော ၂ စီးနှင့် ကုန်တင်ရေယာဉ် ၅ စီး၊ စုစုပေါင်း ၇ စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်။

လက်ရှိ ရွှေကူမြို့၌ ရေယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့သည့် တိုက်ခိုက်မှုအပြီး ဒုတိယအကြိမ် စစ်အုပ်စုတပ် ရေယာဉ် စစ်ကြောင်း၏ ကျန်ရှိနေသည့် ရေယာဉ်များ မည်သို့ ဆက်လက်ဆန်တက်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...