ကျိုက်မရောတွင် ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးခံရပြီးနောက် မော်လမြိုင်၌ ဈေးနှုန်းများ မြင့်တက်

ကျိုက်မရောတွင် ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးခံရပြီးနောက် မော်လမြိုင်၌ ဈေးနှုန်းများ မြင့်တက်
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd

မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီးရေ ၆၀ ကျော် ဖမ်းဆီးခံရပြီးနောက် မော်လမြိုင်ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်သွားကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက် ည ၇ နာရီခွဲအချိန်ခန့်က ကျိုက်မရောမြို့နယ်၊ ကြက်သွန်ကုန်းနှင့် နတ်စမ်း ကျေးရွာကြားတွင် ထိုင်းကုန်ပစ္စည်း တင်ဆောင်လာသည့် မော်တော်ယာဉ် အစီးရေ ၆၀ ကျော်ကို စစ်အုပ်စုတပ်၊ ပျူစောထီး၊ ပြည်သူ့စစ်၊ စရဖနှင့် ရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ ဖမ်းဆီးခံရပြီးနောက် မော်လမြိုင် ဈေးကွက်အတွင်း ထိုင်းစား သောက်ကုန်ပစ္စည်းများ ဈေးနှုန်း ရုတ်တရက် မြင့်တက်သွားကြောင်း မြို့ခံပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

“ပုဇွန်နှစ်ကောင်ဆီ တစ်လီတာတစ်ဗူးက ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိ ဈေးတက်သွားတယ်။ တခြား စား သောက်ကုန်တွေလည်း ဈေးလိုက်တက်ကြတယ်။ နဂိုကတည်းက ကုန်ဈေးနှုန်းတွေ တက်နေလို့ ပြည်သူတွေ ကျပ်တည်းနေကြရတဲ့အထဲ အခုလည်း ကုန်ဈေးနှုန်းတွေ ထပ်တက်တော့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းကြဦးမှာပါ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ထိုင်းကုန်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ ၆ ဘီး၊ ၁၂ ဘီး ကုန်တင်ယာဉ်များဖြင့် တင် ဆောင်လာပြီး ကျိုက်မရောမြို့နယ်၊ MCL ဘိလပ်မြေစက်ရုံအနီးတွင် ခေါက်တိုကားများဖြင့် ပြန်လည်ပြောင်း ရွှေ့ကာ မော်လမြိုင်သို့ သယ်ဆောင်ကြခြင်း ဖြစ်သည်။

မွန်ပြည်အတွင်းသို့ တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး မှုများ ရှိနေသည့်အပြင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများက လမ်းကြောင်းများ၌ ပိတ်ဆို့ဖမ်း ဆီးခြင်း၊ ဂိုဒေါင်များအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုဂိတ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို လမ်းကြောင်းကြေးများ ပေးဆောင်ကာ နည်းလမ်းပေါင်းစုံဖြင့် တင်သွင်းနေကြဆဲ ဖြစ်သည်။

အခြား မော်လမြိုင်ဒေသခံ တစ်ဦးကလည်း “ဖမ်းဆီးခံခဲ့ရတဲ့ မော်တော်ယာဉ်တွေက ခေါက်တိုဆွဲတဲ့ယာဉ်တွေ ပါ။ နယ်စပ် ဘုရားသုံးဆူဘက်ကနေ ကုန်တင်ယာဉ်တွေနဲ့ တင်ဆောင်လာပြီးတော့ ကျိုက်မရောမြို့နယ်မှာ ခေါက်တို ကားတွေနဲ့ ပြန်ပြီး မော်လမြိုင်ကို သယ်ကြတယ်” ဟု ပြောသည်။

မွန်ပြည်တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လူသုံးကုန် ပစ္စည်း အမျိုးမျိုးကို အဓိက ဝယ်ယူအသုံးပြုနေကြသည့်အတွက် ယခုကဲ့သို့ ထိုင်းကုန်ပစ္စည်းများ ဆက်တိုက် ဖမ်းဆီးခံနေရခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် ကုန်ပစ္စည်း ပြတ်လပ်မည်ကိုလည်း သုံးစွဲသူများက အထူးစိုးရိမ်နေကြသည်။

Most read this week

မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...
September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...
September 7, 2026
မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်ပြည်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်...
ဓာတ်ပုံ - (Crd)
September 7, 2026
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးကို...