စစ်အုပ်စုတပ် အကြမ်းဖက်မှုများ တိကျသည့် အရေးယူမှုများ ဆောင်ရွက်ရန် BWU တောင်းဆို

စစ်အုပ်စုတပ် အကြမ်းဖက်မှုများ တိကျသည့် အရေးယူမှုများ ဆောင်ရွက်ရန် BWU တောင်းဆို

မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ မြင့်တက်လာနေသည်။

ထိုသို့ စစ်အုပ်စုတပ်၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် တိကျပြီး လက်တွေ့ကျသည့် လုပ်ဆောင်မှုများ အရေးတကြီး လိုအပ်လာနေပြီဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က တိုက်တွန်းထားသည်။

စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ကျည်ထိမှန်ခြင်းနှင့် မြေမြှုပ်မိုင်းအန္တရာယ် များကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် အသက်မပြည့်သေးသည့် ကလေး ၆ ဦး ပါဝင်ကြောင်း စက်တင်ဘာ ၄ ရက်ထုတ် BWU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စုတပ်က ပြည်သူများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ မှာ အထိခိုက်ဆုံးဖြစ်ရပြီး ယခုကဲ့သို့ ပဋိပက္ခကာလအတွင်း အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက်နေခြင်းကို ထိရောက်စွာ အရေးယူပေးရန် လိုအပ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) မယဉ်မျိုးက ပြောသည်။

“ဒီလိုအပြစ်မဲ့တဲ့ ပြည်သူတွေ ထပ်ပြီးတော့ ဆုံးရှုံးမှုတွေ မဖြစ်အောင် ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီ စနစ်ရဖို့ အတွက်တော့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနည်းတဲ့ အပြောင်းလဲမျိုးကို ပိုပြီးတော့ လိုချင်တာဖြစ်တယ်။ အကြမ်းဖက်ခံရတဲ့ လူတွေအတွက် တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝ ပြန်လုပ်ပေးနိုင်တဲ့ ယန္တရားတစ်ခု ပေါ် ပေါက်ဖို့လိုတယ်။ ဒါ့အပြင် တရားမျှတမှုတွေ ရှိလာဖို့အတွက် ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါ တယ်“ ဟု မယဉ်မျိုးက ပြောသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့် အကြမ်းဖက်ခံရသူများအတွက် တရားမျှတမှု ရရှိစေရန် သက်သေ အထောက် အထားများ စုဆောင်းထုတ်ပြန်ခြင်း၊ အကြမ်းဖက်ခံရသူများအတွက် ကျန်းမာရေး၊ စားဝတ်နေရေးစသည့် အရေးပေါ်ထောက်ပံ့မှုများ ပြုလုပ်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်သူများနှင့် ချိတ်ဆက်ပေးခြင်း များကို ပါဝင်ဆောင်ရွက်လျက်ရှိသည်။

BWU ၏ ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း အမျိုးသမီး သေဆုံးသူဦးရေမှာ ရခိုင်ပြည်တွင် ၁၇ ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၃ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ထို့ပြင် ချင်းပြည်တွင် ၉ ဦး၊ မကွေးတိုင်းတွင် ၆ ဦး၊ ပဲခူးတိုင်းတွင် ၃ ဦး၊ ကရင်နီပြည်တွင် ၃ ဦး၊ ကရင်ပြည်တွင် ၂ ဦး၊ မန္တလေးတိုင်းတွင် ၁ ဦးနှင့် တနင်္သာရီတိုင်းတွင် ၁ ဦး ပါဝင်သည်။

စစ်ရေးရှုံးနိမ့်နေသည့် စစ်အုပ်စုတပ်သည် ၎င်းတို့၏ အားသာချက်ဖြစ်သော လေကြောင်းကို အသုံးပြုကာ အရပ်သား နေထိုင်ရာနေရာများကို ရှုံးမဲမဲ၍ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းအပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများက အပြင်းအထန် ရှုတ်ချထားကြသည်။

“ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်ရေးချိုးဖောက်တာ၊ ဂျနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်နေတဲ့ စစ်အစိုးရကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေချင်တယ်။ ဒါ့အပြင် သူတို့ ပြစ်ဒဏ်အတိုင်း ICC၊ ICJ တို့ကို အမြန်ဆုံးရောက်ဖို့အတွက် လုပ်ပေးစေချင်ပါတယ်“ ဟု ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း တွင် အမျိုးသမီး သေဆုံးသူ ၃၅၈ ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၅၁ ဦး ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ၏ စာရင်းများအရ ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ - AA Info Desk / ရခိုင်ဒေသအတွင်း စစ်အုပ်စုတပ်၏ ဗုံးကြဲမှုတစ်ခု။)

Most read this week

ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...