ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့် ပြည်သူ့စစ်ခေါင်း ဆောင် တင်မိုးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း မိုးကောင်းမြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာအတွက် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုး၏ အမျိုးသမီးဖြစ်သူနှင့် အသက် ၅၈ နှစ်အရွယ် ဦးစိန်ကျော်လှိုင်တို့ ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့စစ်ခေါင်း ဆောင်၏ အမျိုးသမီး ရှုံးနိမ့်ခဲ့သည်။
ထို့နောက် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးသည် အနိုင်ရရှိခဲ့သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးရိုက်နှက်ခဲ့သဖြင့် ရပ်ကွက်နေ ပြည်သူများက တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် စစ်အုပ်စု၏ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးနှင့် သူ၏ အမျိုးသမီးကို ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ဖမ်းဆီးသွားခဲ့သည်။
ထို့နောက် အမျိုးသမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးကိုမူ ရိုက်နှက်မှု အပြင် အခြားအမှုများစွာဖြင့် တရားစွဲဆိုကာ မိုးညှင်းအချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။
မိုးကောင်းမြို့ခံတစ်ဦးက “ကျနော်ကြားတာတော့ အများကြီးပဲ။ ဓားပြမှုတွေရော၊ တခြားဟာတွေရော ပါမှာ ပေါ့။ ပစ္စည်းတွေရော အကုန်သိမ်းလိုက်ပြီတဲ့။ ဥက္ကဋ္ဌတိုင်တာတော့ မဟုတ်ဘူး။ ကျနော်တို့ ရပ်ကွက်ပြည်သူ တွေက ဝိုင်းတိုင်ကြတာပေါ့။ ပြီးတော့ လိုင်းပေါ်မှာရော တအားပျံ့သွားတော့ လာဖမ်းသွားကြတာ” ဟု ပြော သည်။
လက်ရှိတွင် တရားစွဲဆိုထားသည့် အဆင့်သာရှိသေးပြီး ပြစ်ဒဏ် အမိန့်ချမှတ်ရခြင်း မရှိသေးပေ။
အုပ်ချုပ်ရေးမှူးနေရာ ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်မိုး၏ အမျိုးသမီး ဒေါ်ထွေးထွေးဆိုသူမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးပြီး လွတ်မြောက်လာ ပြီးနောက် ဒေသတွင်း ပြည်သူ့စစ်အဖွဲ့အတွက် လုပ်ငန်းများ လုပ်ကိုင်ပေးနေသူဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။
အင်အား ၁၀၀ ဝန်းကျင်ရှိပြီး "၂ မိုင် ပြည်သူ့စစ်" ဟု လူသိများသည့် အဆိုပါအဖွဲ့မှာ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်း ရပ်ကွက်တွင် စခန်းချထားသည်မှာ ၃ နှစ်ကျော်ပြီဖြစ်သည်။
လက်ရှိတွင် အဆိုပါ ပြည်သူ့စစ်စခန်းမှ လက်နက်များကို စစ်အုပ်စုတပ်က သိမ်းဆည်းသွားပြီး စခန်းနေရာတွင် စစ်အုပ်စုတပ်က ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။







