တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ ကင်းရှင်း ရန် လိုကြောင်း စစ်အုပ်စု ဒုတိယတပ်ချုပ်က ပြောဆိုခဲ့သော်လည်း လက်တွေ့မြေပြင်တွင် ဆန့်ကျင်ဘက် ဖြစ်နေ ကြောင်း CDM တပ်အသိုင်းအဝိုင်းနှင့် ပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ စစ်အရာရှိများ နှင့် တွေ့ဆုံစဉ် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက စည်းကမ်းနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု ဒုတပ်ချုပ်က စစ်စည်းကမ်းအရ စံနမူနာပြဖြစ်ရန်နှင့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးနှင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ ကင်းရှင်းရန် ပြောဆိုခဲ့သော်လည်း တပ်အတွင်း၌မူ အောက်ခြေမှစ၍ အဂတိလိုက်စားမှုများ ကျယ်ပြန့်နေသည်။
စစ်အုပ်စုတပ်အတွင်း ဒုဗိုလ်အဆင့်မှစ၍ မူးယစ်ဆေးဝါး ကယ်ရီရိုက်ကာ ချမ်းသာလာပြီးမှ စစ်ရုံးချုပ်များသို့ ရောက်ရှိရာမှတစ်ဆင့် ရာထူးတိုးလာကြသူများရှိသဖြင့် အောက်ခြေတွင် မည်သူများ ဘာလုပ်နေသည်ကို အထက်လူကြီးများ သိရှိပြီးသားဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “စစ်တပ်ရဲ့ ဆောင်ပုဒ်က လုပ်တာ အပြစ်မဟုတ်ဘူး၊ မိတာ အပြစ်။ အဲဒီတော့ မိရင်တော့ သူတို့က အရေးယူမယ်။ ဒါတောင်မှပဲ ကာဗာပေးလို့ရတဲ့ သူမျိုးဆို သူတို့ ကာဗာပေးဦးမှာပေ့ါနော်။ အဲဒီတော့ အဓိက သူတို့က မလုပ်နဲ့ မပြောဘူး၊ ပိပိရိရိလုပ် အဲ့ဒီအနေအထားမျိုးပဲ ပြောတာ ဖြစ်မှာပါတယ်ဗျ” ဟု ပြောသည်။
လက်ရှိတွင် မြို့ကြီးများ၌ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားများ ကျယ်ပြန့်နေသလို ထိုင်း-မြန်မာ နယ် စပ်မှ ဝင်ရောက်လာသည့် ကုန်စည်များကိုလည်း စစ်အုပ်စု စစ်ဆေးရေးဂိတ်များက တရားမဝင် ကုန်သွယ်မှု ဟု အကြောင်းပြကာ ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
အွန်လိုင်း ငွေကြေးလိမ်လည်မှု၊ ကိုယ်လက်အင်္ဂါ ရောင်းစားမှုနှင့် မူးယစ်ဆေးဝါး ကိစ္စများမှာ စစ်တပ်နှင့် ချိတ် ဆက်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် နယ်လုံဝန်ကြီးများမှစ၍ အောက်ခြေတပ်ဖွဲ့ဝင်များအထိ အဂတိကင်းရှင်းရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “လက်ရှိ ပိုဆိုးတာက တပ်မတော်သားတွေက ပိုပြီးတော့ တိုင်းနဲ့ပြည်နယ် မှာဆိုရင် နယ်လုံဝန်ကြီးတွေရော အောက်က လက်နက်ကိုင်တွေရော သူတို့ဆီမှာ အဂတိကင်းရှင်းဖို့ဆိုတာ ဘယ် နားက ရှာရမလဲဆိုတဲ့ဟာ ဖြစ်နေတယ်။ တပ်မတော်နဲ့ ချိတ်ဆက်ပြီးတော့မှ အကုန်လုံး လုပ်တာဆိုတော့ အဓိက တရားခံကတော့ တပ်မတော် အာဏာ သိမ်း စစ်တပ်ပဲ ဖြစ်နေတယ်” ဟု ထောက်ပြသည်။
ထို့ပြင် အောက်ခြေ စစ်တပ်ဖွဲ့ဝင်များမှာလည်း ဖုန်းဖြင့် အွန်လိုင်းလောင်းကစားဂိမ်းများ ဆော့ကစားကြပြီး ငွေလိုသည့်အခါ ပြည်သူများထံမှ ငွေကြေး တောင်းခံနေကြသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက “မြင်တွေ့နေရတာ တပ်သားတွေ တော်တော်များများ ကျွဲဂိမ်းလိုမျိုးတွေ ဂိမ်းတွေ ငွေပေး လို့ရတဲ့ အွန်လိုင်းဂိမ်းတွေ ဆော့တာတွေ့တယ်။ နောက်တခြားကိစ္စတွေဆိုရင်လည်း ဒီလိုမျိုးပဲ တရားမဝင် ကုန်စည်တို့ ဘာတို့ဆို အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုတော့ အပေါ်က လူကြီးတွေက တိုက်ရိုက် သိမှာမဟုတ်ဘူး။ အောက်ခြေမှာ လုပ်စားနေ တာ အများကြီး။ ပြည်သူတွေက တောက်လျှောက် ရင်စည်းပြီး ခံနေရတယ်” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များက အနိမ့်ဈေးဖြင့် ပြန်လည်ရောင်းချကာ ငွေကြေးခွဲဝေယူမှုများ ရှိနေသော်လည်း စစ်အုပ်စု ခေါင်းဆောင်ပိုင်းက အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ကင်းလွတ်ခွင့်ပေးထားသည်။







