ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး ကျောက်ဖြူမြို့နယ်၌ လက်ရှိ နေရာ ၂ ခုတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။
စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းအချိန်မှ စတင်၍ စစ်အုပ်စုတပ်က အဝတောင်မှတစ်ဆင့် စနဲဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်။
ဒေသခံ သတင်းရင်းမြစ်တစ်ဦးက "မနေ့က မနက်ကတည်းက အင်အား ၂၀၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ သူတို့က လှုပ်ရှားစစ်ကြောင်း၊ အဲဒီစစ်ကြောင်းနဲ့ အဝတောင်အကျော်လမ်းမှာ တိုက်ပွဲဖြစ်နေတယ်" ဟု ပြော သည်။
ကျောက်ဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး အဆိုပါ လှုပ်ရှားစစ်ကြောင်းများကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်နေသည့် နေရာ အနီးအနား ပတ်ဝန်းကျင်သို့ ပင်လယ်အတွင်းရှိ စစ်ရေယာဉ်များက လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်နေပြီး လက်နက်ကြီး ပေါက်ကွဲသံများကို ဆက်တိုက် ကြားနေရသည်။
တစ်ချိန်တည်းမှာပင် ကျောက်ဖြူမြို့နယ် တောင်ပိုင်းရှိ သိုင်းချောင်းနှင့် မင်းပြင် အစရှိသည့် နေရာအချို့တွင် လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက "တိုက်ပွဲက နေရာနှစ်ခုဖြစ်တယ်။ သိုင်းချောင်းနဲ့ မင်းပြင်ကြားလည်း ဖြစ်တယ်။ အဝတောင်ဖက်လည်း ဖြစ်တယ်။ နေဗီက ပစ်သံနဲ့ အထိုင်စခန်းက လက်နက်ကြီး ပစ်သံ ဆူညံနေ တယ်" ဟု ပြောသည်။
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက် အထိအခိုက် အကျအဆုံးများကို မသိရသေးပေ။
စက်တင်ဘာလ ၄ ရက်နေ့တွင် ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများသည် ကျောက်ဖြူမြို့ပေါ်နှင့် အတော် အလှမ်းဝေးသေးသော်လည်း လက်နက်ကြီး ပစ်ခတ်သံများကိုမူ မြို့ပေါ်အထိ ပေါ်ပေါ်လွင်လွင် ကြားနေရသည်။







