မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့ပြီး ယင်းအနက် ကရင်နီပြည်မှ ၃ ဦး ပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ စာရင်းများ အရ သိရသည်။
အဆိုပါ သေဆုံးခဲ့သည့် အမျိုးသမီးများသည် စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အများဆုံး ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူ ၅၅ ဦးတွင် ၁၈ နှစ်အောက် အမျိုးသမီး ၆ ဦး ပါဝင်သည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၃ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၃ ဦး၊ ကျည်ထိမှန်မှုကြောင့် ၃ ဦးနှင့် မြေမြှုပ်မိုင်းကြောင့် ၃ ဦး၊ စုစုပေါင်း ၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း BWU က ဆိုသည်။
သေဆုံးခဲ့သည့် အမျိုးသမီးများ၏ ဒေသအလိုက် စာရင်းများမှာ ရခိုင်ပြည်တွင် ၂၁ ဦး (၁၇ ဦးနှင့် ၄ ဦး)၊ စစ်ကိုင်း တိုင်းတွင် ၁၃ ဦး၊ ချင်းပြည်တွင် ၉ ဦး၊ ကရင်နီပြည်၊ ပဲခူးတိုင်း၊ ကချင်ပြည်တို့တွင် ၃ ဦးစီ၊ ကရင်ပြည်တွင် ၂ ဦး၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ၁ ဦးစီ ဖြစ်ကြသည်။
ယခုကဲ့သို့ စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်ရန် အားကောင်းပြီး တိကျသေချာသည့် အကူ အညီနှင့် လက်တွေ့လုပ်ဆောင်ချက်များကို မြန်မာပြည်သူများအနေဖြင့် အရေးတကြီး လိုအပ်လျက်ရှိကြောင်း BWU က ပြောဆိုထားသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ဒါရိုက်တာ မမေက “လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ အပြစ် မဲ့ လူထုတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ဟာတော့ သူတို့ လုံးဝမလုပ်သင့်ဘူးပေါ့နော်။ ဒီလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေအရကလည်း တားမြစ်ထားတဲ့ဟာတွေရှိတာပေါ့နော်။ ဒီဟာတွေကို စစ်ကောင်စီ ကနေ လိုက်နာဖို့အတွက် စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝန်းက ဖိအားပေးဖို့ လိုအပ်နေတယ်” ဟု ပြောသည်။
ဩဂုတ်လအတွင်း ကရင်နီပြည်၌ အမျိုးသမီး သေဆုံးသူ ၃ ဦးအနက် ဩဂုတ်လ ၄ ရက်နေ့က ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ ၅ လသားအရွယ် မိန်းကလေးငယ်နှင့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှ အသက် ၄၆ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးတို့ ဒရုန်းထိမှန်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်)၏ စာရင်းများအရ သိရသည်။







