ရွာငံ၌ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်က စစ်ဆေးမှု ပိုမိုတင်းကျပ်လာ

ရွာငံ၌ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်က စစ်ဆေးမှု ပိုမိုတင်းကျပ်လာ
ဓာတ်ပုံ - (ပုံဟောင်း / Crd)
ဓာတ်ပုံ - (ပုံဟောင်း / Crd)

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ်၊ ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြား၌ စစ်အုပ်စု တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တော်လှန်ရေးဘက်မှ ရှောင်တခင် တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ အထိနာခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အလားတူ ဩဂုတ်လ တတိယပတ်တွင်လည်း ရွာငံမြို့နယ်၊ မြိုင်ကျေးရွာအနီး ငုတ်ချောင်းကျေးရွာနှင့် ထမင်းပေါင်းကျေးရွာ တောင်ဘက်တွင် တော်လှန်ရေးတပ်နှင့် စစ်အုပ်စုတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ကျေးရွာအတွင်း စစ်အုပ်စုတပ်က တပ်စွဲထားပြီး ဒေသခံများကို အသွား အလာ ကန့်သတ်ကာ စစ်ဆေးမှု တင်းကျပ်နေကြောင်း ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းဒေသခံ အမျိုးသားက “အရင်ကတည်းက စစ်တပ်က စစ်ဆေးတင်းကျပ်တယ်၊ အခုတော့ ပိုတင်းကျပ်လာတယ်။ ရွာထဲမှာ လူစုလူဝေးတောင် ပေးမလုပ်ဘူး။ သူတို့က စောင့်ကြည့်နေတာ ဘာမှမလုပ်ထားလည်း ရွာသား တွေကို ဖမ်းတယ်။ ကိုယ်အိမ်နဲ့ ကိုယ်တောင် မလုံခြုံဘူး၊ တိုက်ပွဲဖြစ်ရင် ရွာတွေကို ပြာချမယ်လို့ စစ်တပ်ဘက် က ပြောထားတာ ရှိတော့ ကြောက်ရတယ်၊ လေယာဉ်တွေနဲ့ ကြဲမှာကြောက်တယ်” ဟု ပြောသည်။

ထို့ပြင် ဩဂုတ်လ ၁၆ ရက်နေ့တွင်လည်း ရွာငံမြို့နယ်၊ မြိုင်ကျေးရွာအုပ်စု၊ အလယ်ချောင်ကျေးရွာအုပ်စုနှင့် ဘုရားကြီးကုန်းအုပ်စုတို့ကို စစ်အုပ်စုတပ်က ပြောင်းရွှေ့ခိုင်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်လျှင် တိုက်ပွဲဖော်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် ကျေးရွာအတွင်း ကင်းလှည့်စောင့်ကြည့်ခြင်းနှင့် တော်လှန်ရေး အဖွဲ့များနှင့် ဆက်စပ်သူဟု သံသယရှိသူများကို ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးက “မြို့ပေါ်နဲ့ နီးတဲ့ ရွာတွေဘက်တော့ ဖမ်းခံရတာ သိပ်မရှိဘူး။ တောစပ်နဲ့နီးပြီး မြို့နဲ့ မနီးတဲ့ ရွာတွေက ပိုပြီးဖမ်းခံရ။ ရိုက်ခံရတယ်။ လူမသိသူမသိ ဖမ်းဆီးခံရတာမျိုးလည်း ရှိတယ်။ စစ်တပ်က စစ်ကြောင်းဝင်ရင် အမျိုးသားတွေကို ဖမ်းတယ်။ အရိုက်လည်း ခံရတယ်။ ဖမ်းပြီး ထမင်းလည်း မကျွေးဘူး၊ ပိုက်ဆံနဲ့ လိုက်ရွေးမှ လွှတ်ပေးတာမျိုးလည်း ရှိတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ ဖမ်းဆီးခံရသော ဒေသခံအများစုမှာ ရွာငံမြို့နယ်အတွင်းရှိ ဆတ်ခြံ၊ တောင်ဦး၊ ထမင်းပေါင်း၊ ကျောက်တော၊ ငွေတောင်နှင့် သဖန်းပင် ကျေးရွာများမှ ဖြစ်ကြသည်။

လက်ရှိတွင် ရွာငံမြို့နယ်ရှိ ကျေးရွာအများစု၌ စစ်အုပ်စုတပ်က အထိုင်ချတပ်စွဲထားပြီး စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကို ည ၈ နာရီကျော်အချိန် သွားလာမှု ကန့်သတ်ထားခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်ကလည်း သျှမ်းတောင် ရွာငံမြို့နယ်နှင့် မန္တလေးတိုင်း သာစည်မြို့နယ်အကြား၌ စစ်အုပ်စုတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး ဒဏ်ရာရရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...