စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား များ ကာကွယ်ရေးတပ် (KNDF) က အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်အတွက် “ပြည်နယ်အားကောင်းရေးမှ ပြည် ထောင်စုတည်ဆောက်ရေးသို့” ဆိုသည့် အခြေခံမူနှင့် နိုင်ငံရေးရည်မှန်းချက်ကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
ကရင်နီပြည်တွင်းတစ်နေရာ၌ ပထမအကြိမ် KNDF ညီလာခံကို ဩဂုတ်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ နှစ်ရက် တာ ပြုလုပ်ခဲ့ပြီးနောက် ရှေ့ဆက်လုပ်ဆောင်မည့် နိုင်ငံရေးနှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထုတ်ပြန် အသိပေးခဲ့ခြင်း ဖြစ်သည်။
အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးများ၌ အာဏာခွဲဝေ ပေးနိုင်ရေး၊ လူထုကိုယ်တိုင် ရွေးချယ်ပါဝင်ခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာ ရေးတို့အတွက် ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် ကရင်နီပြည်တွင် ညီညွတ်သောအစိုးရနှင့်အတူ ပြည်နယ်တပ် တစ်ခုတည်း ဖြစ်ပေါ်လာရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
KNDF တပ်၏ မူဝါဒနှင့် စစ်ဥပဒေများကို နိုင်ငံတကာက လက်ခံယုံကြည်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်သလို နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ စာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးသွားမည်ဟုဆိုကာ တပ်၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် လိုက်နာကျင့်သုံးမှုများကိုလည်း နိုင်ငံတကာမှ စောင့်ကြည့်အကဲဖြတ်ခြင်းကို ခွင့်ပြုသွားမည်ဟု ထုတ်ပြန် ထားသည်။
တော်လှန်ရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင်လည်း “ရဲဘော်တွေကို မှားယွင်းတဲ့ နိုင်ငံရေး လမ်းကြောင်းဆီ ခေါ်ဆောင်သွားမှာ မဟုတ်ကြောင်း” KNDF က ပြောဆိုသည်။
ပြုလုပ်ခဲ့သည့် နှစ်ရက်တာ ပထမအကြိမ် ညီလာခံသို့ KNDF ဗဟိုကော်မတီဝင်များ၊ စစ်ဒေသမှူးများ၊ ဌာနမှူး များ၊ တပ်ရင်းမှူးများ၊ ရုံးဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင်များအပါအဝင် အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ ညီလာခံတွင် နယ်မြေဒေသ၏ လိုအပ်ချက်များအရ KNDF ၏ ဗဟိုကော်မတီဝင်အချို့ကို အပြောင်း အလဲ ပြုလုပ်ခဲ့သလို တပ်၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်များကိုပါ ချမှတ်ခဲ့ကြသည်။
အဆိုပါ ညီလာခံတွင် KNDF ၏ နိုင်ငံရေးရပ်တည်ချက်၊ ယခင်ကာလ လုပ်ငန်းစဉ်များနှင့် အနာဂတ် စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်များကိုလည်း ဆွေးနွေးသုံးသပ်ခဲ့ကြသည်။







