ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ရှိ သောင်းနှင့်ချီသည့် ရေဘေးသင့် ပြည်သူများသည် စစ်အုပ်စုတပ်ဆီမှ အကူအညီများ လုံးဝ မရရှိကြကြောင်း ရေဘေးသင့် ပြည်သူများက ပြောသည်။
ကျိုက်မရောမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ အတ္ထရံ မြစ်ရေ ဆက်တိုက် မြင့်တက်လာခြင်းကြောင့် ရပ်ကွက်ကျေးရွာ အုပ်စု ၁၅ စုနှင့် ကျေးရွာပေါင်း ၄၀ ကျော်၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။
အလားတူ ဘီးလင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့မှစတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက် လာမှုနှင့်အတူ မြေနိမ့်ပိုင်း ရပ်ကွက်ကျေးရွာပေါင်း ၁၇ ရွာထက်မနည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။
ရေဘေးသင့်ပြည်သူများသည် နီးစပ်ရာ အထပ်မြင့် အိမ်နီးချင်း နေအိမ်များနှင့် ဘုန်းကြီးကျောင်းများတွင် ကိုယ့်အစီအစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်နေကြရပြီး စစ်အုပ်စုတပ်ဆီမှ အကူအညီများ လုံးဝ မရရှိကြောင်း ကျိုက်မရော ဒေသခံတစ်ဦးက ပြောသည်။
“ရေကြီးမှု အခြေအနေက နည်းနည်း မြင့်တက် နေတာပေါ့။ လူအရပ် မမီတော့ဘူးလေ။ ရေမြုပ်တာ နှစ်ပတ် လောက် ရှိပြီးပေါ့။ အိမ်နားနီးချင်း မြင့်တဲ့အိမ်ကို ပြောင်းတယ်။ ဘုန်းကြီးကျောင်းမှာ နေတယ်၊ ဒီလိုပဲပေါ့ လိုက်ပတ်နေတာပေါ့။ အစိုးရရဲ့ အကူအညီ မရဘူး။ အခက်အခဲကတော့ စားသောက်တဲ့ နေရာမှာ အခက်အခဲ ဖြစ်တာပေါ့။”
ထို့ပြင် ရေမြုပ်သည့်ရက် ကြာမြင့်လာသည်နှင့်အမျှ အခြေခံ စားသောက်ကုန်များ၊ သောက်သုံးရေများနှင့် ဖျားနာ သူများအတွက် ဆေးဝါးများ လိုအပ်ချက် ရှိလာပြီး အကူအညီ မရရှိသဖြင့် ရှိသည်များဖြင့်သာ ဖြေရှင်းနေရ ကြောင်း ဆက်လက် ပြောဆိုသည်။
ဘီးလင်း ဒေသခံတစ်ဦးကလည်း အဆိုပါ ရေဘေးတွင် အလှူရှင်များနှင့် ပရဟိတအဖွဲ့များကသာ ကူညီထောက် ပံ့ပေးနေကြပြီး စစ်အုပ်စုတပ်၏ ထောက်ပံ့မှု ဘာတစ်ခုမျှ မရှိသေးကြောင်း ပြောသည်။
“ဘီးလင်းမြို့နယ်အနေနဲ့ တွက်မယ်ဆိုရင် ရွာမြုပ်နေတာ နတ်ကြီးကစပြီးတော့ လိပ်ခုံးဘက် ၁၇ ရွာ လောက် တော့ ရှိတယ်။ ထမင်းထုပ် တစ်မနက် လာလှူတဲ့ တစ်ဖွဲ့ရှိတယ်။ ဒါလည်း အရပ်သားတွေပေါ့၊ နောက်မားမား တစ်ထုပ် မားမားနဲ့ ဆန်နဲ့ လာလှူတာ တစ်ဖွဲ့ရှိတယ်၊ ပရဟိတတွေကပဲ ရှိတဲ့ ကိုယ်ဘာကို တက်နိုင်တဲ့ခွန် တက်နိုင်သလောက်လေ ထောက်ပံ့တာပေါ့။ လက်ရှိ အစိုးရက ကူညီတာ ဘာတစ်ခုမှ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
တစ်ဖက်တွင်လည်း မွန်ပြည် စစ်အုပ်စုတပ် အသိုင်းအဝိုင်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့က ကျိုက် မရောမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၁၃၀ ကျော်ကို စားနပ်ရိက္ခာအချို့ ဟန်ပြ လာရောက် ကူညီပေးခဲ့သော် လည်း အခြားနေရာများကိုမူ လုံခြုံရေး အကြောင်းပြချက်ဖြင့် သွားရောက် လှူဒါန်းခြင်း မရှိပေ။
ပြီးခဲ့သည့် NLD အစိုးရ လက်ထက်က ရေကြီးရေလျှံမှု ဖြစ်ပွားပါက ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများ သည် ရေဘေးအတွက် ကွပ်ကဲရေးရုံးများ ဖွင့်လှစ်၍ ကိုယ်တိုင် စီမံခန့်ခွဲပေးခဲ့သဖြင့် ရေဘေးသင့် ပြည်သူများ အကူအညီ အများအပြား ရရှိခဲ့ဖူးကြောင်း ဒေသခံများက အမှတ်ရ ပြောဆိုကြသည်။
လက်ရှိတွင် ရေဘေးသင့် ပြည်သူအများစုမှာ အခြေခံ စားသောက်ကုန်၊ သောက်သုံးရေ၊ ဆေးဝါးများနှင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းများပါ လိုအပ်လျက်ရှိပြီး ပရဟိတအဖွဲ့များ၊ အလှူရှင်များနှင့် ဒေသခံများကသာ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။







