ရခိုင်တောင်ပိုင်းတွင် စစ်အုပ်စုတပ်က စစ်ရေယာဉ်များ ဖြန့်ကျက်၍ စစ်ရေးလှုပ်ရှား

ရခိုင်တောင်ပိုင်းတွင် စစ်အုပ်စုတပ်က စစ်ရေယာဉ်များ ဖြန့်ကျက်၍ စစ်ရေးလှုပ်ရှား

စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည် တောင်ပိုင်း မြို့နယ်များကို မြေပြင်ထိုးစစ်များ၊ လေကြောင်းတိုက်ခိုက်မှုများအပြင် ရေကြောင်း လှုပ်ရှားမှုများပါ ပြုလုပ်လာနေသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ငပလီနှင့် ကျိန္တလီကမ်းခြေအနီး၌ စစ်ရေယာဉ်များ အထိုင်ချထားပြီး ကမ်းခြေ တစ်လျှောက် ကျေးရွာများကို ညဉ့်အချိန် ဒရုန်းများဖြင့် ကင်းထောက်မှုများ ပြုလုပ်လျက်ရှိသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဂွ၊ သံတွဲ ဖက်မှာ စစ်တပ်ဖက်က ငပလီနဲ့ ကျိန္တလီကမ်းခြေအနီးမှာ စစ်နေဗီ အနည်းဆုံး ၆ စီးလောက်ရှိတယ်။ တိုက်ခိုက်ရေး နေဗီတွေ၊ စစ်ဖက်ဆိုင်ရာ အထောက်ကူ ပြုတဲ့ နေဗီတွေ ပါ တယ်။ နောက်တစ်ဖက်က ဂွ - ငသိုင်းချောင်း လမ်းပိုင်းမှာလည်း ဧရာဝတီ၊ ရည်ကြည်ဖက်က ထိုးစစ်ဆင်မယ့် အနေထားတွေ ရှိတယ်။ ညအချိန်တွေမှာဆိုရင် စစ်တပ်ဖက်က နေ့တိုင်းလိုလို ဒရုန်းတွေနဲ့ ကမ်းခြေတစ် လျှောက် ရွာတွေ၊ ရေကြည်နဲ့ အစပ်ကရွာတွေကို ကင်းထောက်တာမျိုးတွေ ရှိတယ်“ ဟု ပြောသည်။

ဂွနှင့် သံတွဲမြို့နယ်တို့ကို စစ်အုပ်စုတပ်က ဇူလိုင်လမှစ၍ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ် ကာ စစ်ရေးအရ ဖိအားပေးလျက်ရှိသည်။

စစ်အုပ်စုတပ်သည် ရခိုင်တောင်ပိုင်းကို ဧရာဝတီတိုင်းမှတစ်ဆင့် ထိုးဖောက်ရန် ကြိုးပမ်းနေသည့်အပြင် လက်ရှိ တွင် ပင်လယ်ပြင်မှတစ်ဆင့် ချဉ်းကပ်နိုင်ရေးပါ ကြိုးပမ်းလာခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ဧရာဝတီတိုင်း၊ ရွှေသောင်ယံဘက်၌ တပ်မ (၁၀၁) စစ်ကြောင်းမှာ ဝက်သေကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်မှုများ ရှိနေကြောင်း မြေပြင်စစ်ရေးအခြေအနေ သိရှိသူများက ဆိုသည်။

CDM ဗိုလ်ကြီး ဇင်ယော်က “ရခိုင်တောင်ပိုင်း ဂွမြို့နယ်ဖက်ကို စစ်တပ် စစ်ကြောင်းတွေက ဖြည်းဖြည်းချင်း ချဉ်းကပ်လာတဲ့ အနေထားမှာ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ပြီးမှ ချဉ်းကပ်ဖို့ ကြိုးစားနိုင်သလို ကျန်တဲ့ တောင်ကုတ်၊ သံတွဲမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်လာနိုင်တဲ့ အခြေနေရှိတယ်။ အဲဒီတော့ ဂွမြို့နယ်အစပ်မှာ စစ်တပ်ဖက်က ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေ ကြောင့် မြေပြင်ထိတွေ့မှုတွေ အပြင်းထန်ဆုံး ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ မြင်ပါတယ်” ဟု သုံးသပ်သည်။

လက်ရှိ စစ်အုပ်စုတပ်၏ လေကြောင်းနှင့် ရေကြောင်း လှုပ်ရှားလာမှုများကြောင့် ဂွ၊ သံတွဲ၊ တောင်ကုတ်မြို့နယ် တို့တွင် အာရက္ခတပ်တော် (AA) က ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ သွားလာလှုပ်ရှားမှု မပြုလုပ်ကြရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်သည် ရခိုင်ပြည်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး မနားတမ်း ကြိုးပမ်းနေပြီး မြေပြင်၊ လေကြောင်း၊ ရေကြောင်းတို့ကို အသုံးပြုကာ အင်အားအလွန်အကျွံဖြင့် တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ရေကြောင်း စစ်ရေးလှုပ်ရှားမှုတစ်ခုကို တွေ့ရစဉ် / CINCDS)

August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...