စစ်အုပ်စု၏ နိုင်ငံရေးထိုးစစ်

စစ်အုပ်စု၏ နိုင်ငံရေးထိုးစစ်

ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့် မြေပြင် ထိုးစစ်များ ပြန်လည်တိုးမြှင့်လာခြင်းတို့ကြောင့် အရှိန်မြင့်လာနေချိန်တွင် နေပြည်တော်၌လည်း အခြားထိုးစစ် တစ်မျိုး ပေါ်ပေါက်လာနေသည်။ ယင်းမှာ စစ်ရေးထိုးစစ်မဟုတ်ဘဲ နိုင်ငံရေးထိုးစစ် ဖြစ်သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်အချို့နှင့် စစ်အုပ်စုတို့၏ ဆက်တိုက် တွေ့ဆုံမှုများ၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ မစ္စတာ ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) ၏ မြန်မာနိုင်ငံခရီးစဉ်တို့သည် စစ်ရေးအရ အားနည်းလာနေသည့် စစ်အုပ်စုက ပဋိပက္ခ၏ ဦးတည် ရာကို နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေကြောင်း ပြသနေသည်။

ဤသို့သော နိုင်ငံရေးလှုပ်ရှားမှုများသည် စစ်ရေးလှုပ်ရှားမှုများကို အစားထိုးလာခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက် အားဖြင့် စစ်အုပ်စုသည် ရွေးချယ်ထားသည့် အဖွဲ့အစည်းများအား နိုင်ငံရေးလိုက်လျောမှုများ၊ အပစ်အခတ်ရပ်စဲ ရေး ဆွေးနွေးမှုများနှင့် သံတမန်ရေးလှုပ်ရှားမှုများကို အသုံးပြုနေစဉ် တစ်ဖက်တွင်လည်း စစ်ရေးဖိအားကို ဆက်လက်တိုးမြှင့်နေသည်။

ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံတွင် သံတမန်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများသည် စစ်ပွဲ၏ အခြားမျက်နှာစာ တစ်ခုအဖြစ် ပြောင်းလဲလာနေသည်။ ယင်း နိုင်ငံရေးထိုးစစ်၏ အချိန်ရွေးချယ်မှုသည် အထူးအရေးပါသည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်အများစုကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်အုပ်စု မှာမူ နယ်မြေထိန်းချုပ်မှုကို ဆက်တိုက်ဆုံးရှုံးလာခဲ့သည်။

DMG ၏ မကြာသေးမီက သတင်းများအရ စစ်အုပ်စု သည် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် AA ထိန်းချုပ်ဒေသ များအတွင်း ပြန်လည်ထိုးဖောက်ရန် ကြိုးပမ်းနေသလို တစ်ဖက်တွင်လည်း အရပ်သားဒေသများကို လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

DMG ၏ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လလယ်အထိ ရခိုင်နှင့် ပလက်ဝဒေသများတွင် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ကြိမ်လျှင် လူ ၁၀ ဦးနှင့်အထက် ထိခိုက်သေဆုံးသည့် ဖြစ်စဉ်ပေါင်း ၁၁ ကြိမ် ရှိခဲ့သည်။ ဩဂုတ်လ ပထမနှစ်ပတ်အတွင်းမှာပင် အရပ်သား ၂၇ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ စစ်မြေပြင်၌ အခြေအနေများ ပြောင်းလဲနေချိန်တွင် နေပြည်တော်၌ နိုင်ငံရေးဆွေးနွေးမှုများ ဆက်တိုက် ပေါ်ပေါက်လာခြင်းသည် တိုက်ဆိုင်မှုတစ်ခုမျှ မဟုတ်ဟု သုံးသပ်နိုင်သည်။

နိုင်ငံရေးလှုပ်ရှားမှုသို့ ရွေ့လျားလာခြင်း

ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်အုပ်စု၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ရှမ်းပြည်မြောက်ပိုင်းသို့ ကိုယ်တိုင်သွားရောက် ကာ FPNCC အဖွဲ့ဝင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ယင်းဆက်သွယ်မှုများသည် နေပြည်တော်တွင် ပြုလုပ်သည့် တရားဝင်ဆွေးနွေးပွဲများအဖြစ် ဆက် လက်တိုးတက်လာခဲ့ပြီး ‘ဝ’ တပ် (UWSA)၊ မိုင်းလားတပ် (NDAA)၊ တအာင်းတပ် (TNLA) နှင့် ရှမ်းတပ် (SSPP) တို့က တစ်ဖွဲ့ချင်းစီ၏ နိုင်ငံရေးတောင်းဆိုချက်များကို စစ်အုပ်စုထံ တင်ပြခဲ့ကြသည်။

ဤဆွေးနွေးပွဲများသည် အဖွဲ့တစ်ဖွဲ့ချင်းစီနှင့် ဆက်ဆံရေးတည်ဆောက်ရန်သာ မဟုတ်ဘဲ တိုက်ပွဲပြင်းထန်မှု နည်းပါးသည့် ဒေသများကို တည်ငြိမ်အောင် ထိန်းထားပြီး စစ်အုပ်စု ရင်ဆိုင်နေရသည့် စစ်မျက်နှာများကို လျှော့ချရန် ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြသနေသည်။

DMG နှင့် တွေ့ဆုံမေးမြန်းရာတွင် CDM ဗိုလ်ကြီး ဇင်ယော်က ထိုဖြစ်စဉ်ကို အလွန်ထင်ရှားသည့် စကားလုံးဖြင့် ဖော်ပြခဲ့သည်။

“ကျနော်တို့ မြင်တာကတော့ ဖယ်ဒရယ် ဈေးရောင်းပွဲတော်ပဲ။ ရာပြည့်က ရှမ်းအရှေ့ပိုင်းအထိ ဆင်းပြီးတော့ မားကက်တင်းဆင်တဲ့ အနေအထားမျိုးပဲ။ ဖယ်ဒရယ်ကို လျော့ဈေးနဲ့ ရောင်းလိုတဲ့ အနေအထားမျိုးပေါ့။”

အဆိုပါ သုံးသပ်ချက်သည် စိတ်ဝင်စားဖွယ် နိုင်ငံရေးဆန့်ကျင်ဘက် အခြေအနေတစ်ခုကို ထင်ဟပ်စေသည်။

ဆယ်စုနှစ်များစွာအတွင်း မြန်မာစစ်အစိုးရအဆက်ဆက်သည် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို နိုင်ငံတော် ပြိုကွဲစေနိုင်သည့် အယူအဆအဖြစ် ငြင်းပယ်ခဲ့သည်။

သို့သော် ယနေ့တွင်မူ စစ်အုပ်စုသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ဖက်ဒရယ်အခြေခံ နိုင်ငံရေး လိုက်လျောမှုများကိုပင် ဆွေးနွေးရန် အဆင်သင့်ဖြစ်လာသကဲ့သို့ တွေ့ရသည်။

ဤအပြောင်းအလဲသည် နိုင်ငံရေးအတွေးအခေါ် ပြောင်းလဲသွားခြင်းကြောင့် မဟုတ်ဘဲ စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်းကြောင့် ဖြစ်နိုင်သည်။

စစ်ရေးအားနည်းမှုကြောင့် ဖြစ်ပေါ်လာသော လိုက်လျောမှုများ

လက်ရှိ တွေ့ဆုံနေသည့် အဖွဲ့အစည်းများသည် အရေးကြီးသော နိုင်ငံရေးတောင်းဆိုချက်များကို တင်ပြထား ကြ သည်။

UWSA နှင့် TNLA တို့က ၎င်းတို့ ထိန်းချုပ်ဒေသများအား ပြည်နယ်အဆင့် သတ်မှတ်ပေးရန် တောင်းဆိုထားပြီး NDAA ကလည်း ၎င်း၏ဒေသအား အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆို ထားသည်။

ထိုတောင်းဆိုချက်များကို စစ်အုပ်စုက လက်ခံမည်၊ မလက်ခံမည်ဆိုသည်မှာ မသေချာသေးသော်လည်း ယခုကဲ့ သို့ ဆွေးနွေးပွဲများအတွင်း ထည့်သွင်းဆွေးနွေးလာရခြင်းကိုယ်တိုင်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ နိုင်ငံရေး အာဏာချိန်ခွင်လျှာ မည်မျှ ပြောင်းလဲသွားသည်ကို ထင်ဟပ်စေသည်။

ယနေ့ စစ်အုပ်စုသည် ယခင်ကဲ့သို့ နိုင်ငံရေးအခြေအနေကို တစ်ဖက်သတ် သတ်မှတ်နိုင်သည့် အနေအထားတွင် မရှိတော့ပေ။

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ယခုကဲ့သို့ ပြောသည်။ “စစ်တပ်ဖက်ကလည်း တိုင်းရင်းသားတွေ တောင်းဆို တဲ့ဟာကို မဖြစ်မနေ လိုက်လျော့ရလိမ့်မယ်။ အာဏာ သိမ်းဖြစ်စဉ်ကြောင့် နွေဦးတော်လှန်ရေး ပေါ်ပေါက် လာ တယ်။ အရင်က အာဏာသိမ်းခဲ့ပေမယ့် အခုတစ်ခါ လက်နက်ကိုင်တော်လှန်ရေးက ထိရောက်ခဲ့တယ်။ စစ်တပ် အဖို့ ပြတ်သလောက် နီးပါးဖြစ်သွားတယ်။ ဒါကြောင့် တိုင်းရင်းသားတွေကိုတော့ ပထမအဆင့် အပစ်ရပ်ပြီး နောက်ပိုင်းမှာ နွေဦးတော်လှန်ရေးနဲ့ ကချင်၊ ချင်းဘက်တွေကို တိုက်ပွဲတွေ ဖော်လာမယ့် အနေအထားမျိုး တွေ့ရတယ်။”

ဤသုံးသပ်ချက်အရ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုများ၏ အဓိကရည်ရွယ်ချက်မှာ ပဋိပက္ခကို အဆုံးသတ်ရန် ထက် စစ်မျက်နှာများကို လျှော့ချပြီး စစ်အင်အားနှင့် အရင်းအမြစ်များကို အခြားသော အရေးကြီး စစ်မျက်နှာ များသို့ ပြန်လည်အာရုံစိုက်နိုင်ရန် ဖြစ်နိုင်ကြောင်း မြင်နိုင်သည်။

ထိုအမြင်ကို CDM ဗိုလ်ကြီး ဇင်ယော်က DMG နှင့် ယခင်အင်တာဗျူးတစ်ခုတွင်လည်း ထပ်မံရှင်းပြခဲ့သည်။

"အဓိက ဦးတည်ရန်သူဟာ AA ပဲ။ AA ကို အခြားနည်းလမ်းတွေနဲ့ ဖိအားပေးလို့ မရတဲ့ အနေအထားမှာ ရှမ်း ပြည်ဘက်မှာ စစ်မဖြစ်အောင်လုပ်ပြီး ရှမ်းပြည်က တပ်တွေကို ရခိုင်ဘက် ပြန်ပို့ဖို့ ကြိုးပမ်းနေတာ ဖြစ် တယ်။"

ဤအမြင်မှတစ်ဆင့် လက်ရှိ နိုင်ငံရေးဆွေးနွေးမှုများနှင့် စစ်ရေးစီမံချက်များသည် သီးခြားမဟုတ်တော့ဘဲ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြောင်း ပိုမိုထင်ရှားလာသည်။

ရခိုင်သည် အဓိက စစ်မျက်နှာအဖြစ် ဆက်လက်တည်ရှိနေခြင်း

FPNCC အဖွဲ့ဝင်များအနက် အာရက္ခတပ်တော် (AA) သည် အခြားအဖွဲ့များနှင့် မတူညီသော အနေအထား တစ်ခု တွင် ရှိနေသည်။

လက်ရှိ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးနေသည့် UWSA၊ NDAA၊ SSPP နှင့် TNLA တို့နှင့် မတူဘဲ AA သည် စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်နေသလို ရခိုင်ပြည်၏ နေရာ အများစုတွင်လည်း အမှန်တကယ် အုပ်ချုပ်ရေး အာဏာကို ထူထောင်ထားနိုင်ပြီဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ AA သည် စစ်အုပ်စုအတွက် အရေးအကြီးဆုံး စစ်ရေးပြိုင်ဘက် များထဲမှ တစ်ဖွဲ့အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤအချက်သည် လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် အလွန် အရေးပါသည်။

အကယ်၍ စစ်အုပ်စုသည် FPNCC အဖွဲ့ဝင်အချို့နှင့် ဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါက ၎င်း၏ စစ်ရေးအင်အား၊ လက်နက်နှင့် ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များကို ရခိုင်နှင့် ကချင်စစ်မျက်နှာများဘက်သို့ ပိုမိုအာရုံစိုက် ပြန်လည်ဖြန့်ကျက်နိုင်ဖွယ်ရှိသည်။

ယင်းသည် ချက်ချင်း နယ်မြေပြန်လည်ရရှိခြင်းကို မဆိုလိုသော်လည်း မြေပြင်ထိုးစစ်များ၊ လေကြောင်း တိုက် ခိုက်မှုများနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပိုမိုအသုံးပြုလာနိုင်သည့် အခြေအနေကို ဖန်တီးနိုင်သည်။ ရခိုင်တွင် မကြာသေးမီက ဖြစ်ပေါ်လာသော အခြေအနေများသည်လည်း ယင်းသုံးသပ်ချက်နှင့် ကိုက်ညီနေ သည်။

စစ်အုပ်စုသည် ဧရာဝတီတိုင်းဘက်မှ AA ထိန်းချုပ်ဒေသများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေသလို တစ်ဖက်တွင်လည်း အရပ်သားဒေသများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် နေပြည်တော်၌ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာနေခြင်းသည် စစ်ရေးအရှိန် လျော့ကျသွားခြင်း ကို မဆိုလိုဘဲ စစ်ရေးနှင့် နိုင်ငံရေးကို တစ်ပြိုင်နက် အသုံးချသည့် မဟာဗျူဟာသစ်၏ အစိတ်အပိုင်းတစ်ခု အဖြစ် ပိုမိုမြင်တွေ့လာရသည်။

ဆာဆာကာဝါ ပြန်လည်ပေါ်ထွက်လာခြင်းနှင့် သံတမန်ရေးအခန်းကဏ္ဍ

လက်ရှိ နိုင်ငံရေးဖြစ်စဉ်များအတွင်း အခြားစိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ခုမှာ မစ္စတာ ယိုဟေး ဆာဆာကာဝါ၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်သည်။

နီပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဆာဆာကာဝါသည် ဩဂုတ်လအစောပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက် ရှိလာပြီး ဩဂုတ် ၁၀ ရက်တွင် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

တရားဝင်ထုတ်ပြန်ချက်များတွင် ယင်းခရီးစဉ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနှင့် သဘာဝဘေး အန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လာရောက်ခြင်းဟု ဖော်ပြထားသော်လည်း ဆာဆာကာ ဝါ၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားလျှင် ယင်း ခရီးစဉ်သည် ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးအဓိပ္ပာယ်များကိုလည်း သယ်ဆောင်လာနိုင်သည်။

ဆာဆာကာဝါသည် ၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်များတွင် AA နှင့် စစ်အုပ်စုတပ်ကြား အပစ်အခတ်ရပ်စဲရေးရရှိစေရန် ကြားဝင်ညှိနှိုင်းပေးခဲ့ဖူးသူဖြစ်ပြီး နှစ်ဖက်စလုံးနှင့် ဆက်ဆံရေးရှိသည့် နိုင်ငံတကာအဖွဲ့အစည်းခေါင်းဆောင် အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ယခုခရီးစဉ်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတို့ကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ကြောင်း သုံးသပ်ထားသည်။

“ဆာဆာကာဝါနဲ့ AA က အရင်ကတည်းက ဆက်ဆံရေးရှိတယ်။ အခုလည်း ရခိုင်မှာ သဘာဝဘေးဒဏ် ခံနေ ရတဲ့သူတွေ ရှိတဲ့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လုပ်လာနိုင်တယ်လို့ မှန်းလို့ရတယ်။ တွေ့တဲ့အခါမှာလည်း အပစ်ခတ်ရပ်စဲရေးကိစ္စတွေ ပြောဆိုနိုင်ပြီး AA၊ KIA တို့နဲ့ အပစ်ခတ်ရပ်စဲနိုင်ဖို့ တိုက် တွန်းလာနိုင်တယ်။”

သို့သော် ယနေ့အခြေအနေတွင် ထိုသို့သော ကြားဝင်ညှိနှိုင်းမှုများ အောင်မြင်နိုင်မည်လားဆိုသည်မှာ သီးခြား မေးခွန်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။ အကြောင်းမှာ ယခင်အပစ်အခတ်ရပ်စဲရေးကာလများနှင့် ယနေ့နိုင်ငံရေး အခြေအနေမှာ လုံးဝကွဲပြားသွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်၏ နယ်မြေအများစုတွင် အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှု၊ ရဲလုပ်ငန်း၊ နယ်စပ် စီမံခန့်ခွဲမှုတို့ကို ဆောင်ရွက်နေပြီး အမှန်တကယ် အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ထားနိုင်ပြီ ဖြစ်သည်။

တစ်ဖက်တွင် စစ်အုပ်စုမှာမူ နယ်မြေထိန်းချုပ်မှု လျော့နည်းလာသည့်အတွက် လေကြောင်းစွမ်းအားကိုသာ ပိုမိုအားထားလာရသည်။

ထို့ကြောင့် အကယ်၍ အနာဂတ်တွင် AA နှင့် စစ်အုပ်စုကြား နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်လာမည်ဆိုပါက ယင်းဆွေးနွေးမှုများသည် ယခင်ကာလများနှင့် မတူဘဲ အင်အားချိန်ခွင်လျှာ အသစ်အောက်တွင် ဖြစ်ပေါ်လာမည် ဖြစ်သည်။

FPNCC တစ်ဖွဲ့လုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ဝင်လာနိုင်မလား

လက်ရှိ ဆက်တိုက်တွေ့ဆုံမှုများသည် FPNCC တစ်ဖွဲ့လုံး၏ အနာဂတ်အပေါ်လည်း မေးခွန်းသစ်များ ပေါ်ပေါက် စေသည်။

ဒေါက်တာ စိုင်းကြည်ဇင်စိုးက လက်ရှိတွေ့ဆုံနေသည့် အဖွဲ့များသည် FPNCC တစ်ဖွဲ့လုံး ပါဝင်နိုင်သည့် ဆွေးနွေး ရေး လမ်းကြောင်းကို စတင်ဖော်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

“အခု FPNCC ခေါင်းစဉ်အောက်ကနေ တွေ့နေကြတဲ့ အုပ်စုတွေအနေနဲ့လည်း FPNCC တစ်ဖွဲ့လုံးအနေနဲ့ စေ့စပ်ရေးလမ်းကြောင်းကို သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ မှန်းလို့ရတယ်။ အခုတွေ့နေတဲ့ ပုံစံထဲမှာလည်း အဖွဲ့ဝင်တွေအစုံ ပါလာနိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ မြင်ပါတယ်။”

အကယ်၍ အဆိုပါ သုံးသပ်ချက် မှန်ကန်ပါက စစ်အုပ်စု၏ ရေရှည်ရည်မှန်းချက်မှာ အဖွဲ့တစ်ဖွဲ့ချင်းစီနှင့် သီးခြား ဆွေးနွေးခြင်းထက် FPNCC တစ်ဖွဲ့လုံးကို နိုင်ငံရေးဆွေးနွေးမှုများအတွင်း ပါဝင်လာစေရန်နှင့် နောက်ပိုင်းတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာစေရန် ဖြစ်နိုင်သည်။ သို့သော် ယင်းရည်မှန်းချက် အောင်မြင်နိုင်မည်လား ဆိုသည်မှာ မသေချာ သေးပေ။

FPNCC သည် တစ်ညီတစ်ညွတ်တည်း လှုပ်ရှားသည့် စစ်ရေးမဟာမိတ်အဖွဲ့ မဟုတ်ဘဲ အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီ၏ နိုင်ငံရေးရည်မှန်းချက်၊ နယ်မြေထိန်းချုပ်မှု၊ ပြင်ပဆက်ဆံရေးနှင့် စစ်ရေးအခြေအနေများမှာ အလွန်ကွဲပြား ကြသည်။

ဥပမာအားဖြင့် UWSA ၏ လုံခြုံရေးနှင့် နိုင်ငံရေးဦးစားပေးမှုများသည် AA သို့မဟုတ် KIA တို့၏ ရည်မှန်းချက် များနှင့် တူညီခြင်းမရှိပေ။ ထို့ကြောင့် FPNCC တစ်ဖွဲ့လုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုတစ်ရပ်ကို အကောင် အထည်ဖော်နိုင်ရေးမှာ လက်ရှိအခြေအနေတွင် လွယ်ကူမည်မဟုတ်ဟု သုံးသပ်နိုင်သည်။

သံတမန်ရေးနှင့် စစ်ရေး တစ်ပြိုင်နက်တည်း ရွေ့လျားနေသော မဟာဗျူဟာ

လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများမှ ထင်ရှားစွာ မြင်တွေ့နိုင်သည့် အချက်တစ်ခုမှာ နိုင်ငံရေး ဆွေးနွေးမှုများနှင့် စစ်ရေးလှုပ်ရှားမှုများသည် ယခုအခါ သီးခြားလမ်းကြောင်းများ မဟုတ်တော့ဘဲ တစ်ပြိုင်နက် တည်း ရွေ့လျားနေသော မဟာဗျူဟာတစ်ရပ် ဖြစ်လာနေခြင်းဖြစ်သည်။

တစ်ဖက်တွင် စစ်အုပ်စုသည် နေပြည်တော်၌ FPNCC အဖွဲ့ဝင်များနှင့် ဆက်တိုက်တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသည်။

အခြားတစ်ဖက်တွင်လည်း ရခိုင်ဒေသ၌ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသလို ဧရာဝတီတိုင်း နယ်စပ်တစ်လျှောက်မှ မြေပြင်ထိုးစစ်များကိုလည်း ဆက်လက်ဖော်ဆောင်နေသည်။

ထိုဖြစ်စဉ်များက စစ်အုပ်စုသည် စစ်ရေးဖိအားနှင့် နိုင်ငံရေးဆွေးနွေးမှုကို တစ်ပြိုင်နက်တည်း အသုံးချနေ ကြောင်း ပြသနေသည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် စစ်ပွဲ၏ အဆုံးသတ်ကို မဆိုလိုဘဲ စစ်ပွဲကို အခြားနည်းလမ်းဖြင့် ဆက်လက်ဆင်နွှဲနေခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် လက်ရှိ နိုင်ငံရေးဖြစ်စဉ်များကို "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်" တစ်ခုအဖြစ်သာ မြင်ခြင်းထက် စစ်ရေး ရည်မှန်းချက်များကို အထောက်အကူပြုရန် အသုံးပြုနေသည့် နိုင်ငံရေးကိရိယာတစ်ခုအဖြစ် ရှုမြင်ရန် ပိုမိုသင့် လျော်နိုင်သည်။

အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ

ယခုကဲ့သို့ နိုင်ငံရေးထိတွေ့ဆက်ဆံမှုများသည် အခွင့်အလမ်းအချို့ကိုလည်း ဖန်တီးပေးနိုင်သည်။ ဥပမာအားဖြင့် မြောက်ပိုင်းဒေသအချို့တွင် စစ်ရေးတင်းမာမှု လျော့ကျလာပါက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမို ရောက်ရှိလာနိုင်ပြီး အရပ်သားများ၏ ထိခိုက်ဆုံးရှုံးမှုများလည်း လျော့နည်းလာနိုင်သည်။ သို့သော် အခြား တစ်ဖက်တွင်လည်း သိသာထင်ရှားသည့် အန္တရာယ်များ ရှိနေသည်။

အကယ်၍ ယင်းဆွေးနွေးမှုများကြောင့် စစ်အုပ်စုသည် မြောက်ပိုင်းဒေသများမှ တပ်အင်အားများကို ပြန်လည် ရုပ်သိမ်းကာ ရခိုင်၊ ကချင် သို့မဟုတ် ချင်းဒေသများဘက်သို့ ပိုမိုအာရုံစိုက်နိုင်ခဲ့ပါက ပဋိပက္ခလျော့ကျခြင်းထက် ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာလည်း ရှိနေသည်။

ရခိုင်၏ လက်ရှိအခြေအနေမှာ ထိုစိုးရိမ်မှုကို အတည်ပြုနေသကဲ့သို့ ဖြစ်နေပြီး နေပြည်တော်တွင် ဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပနေသည့် အချိန်တွင် ရခိုင်၌ လေကြောင်းတိုက်ခိုက်မှုများမှာ ရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာ ခဲ့သည်။

ထို့ကြောင့် နိုင်ငံရေးဆွေးနွေးမှုများသည် လက်တွေ့စစ်မြေပြင်တွင် အကြမ်းဖက်မှုများ လျော့နည်းသွားစေမည့် အာမခံချက်တစ်ရပ် မဟုတ်သေးကြောင်း လက်ရှိဖြစ်စဉ်များက ပြသနေသည်။

ရခိုင်၏ နိုင်ငံရေးအရေးပါမှု ပိုမိုမြင့်တက်လာခြင်း

ရခိုင်ဒေသသည် ယခုအခါ စစ်ရေးအရသာမက နိုင်ငံရေးအရလည်း ပိုမိုအရေးပါလာနေသည်။ AA သည် နယ် မြေထိန်းချုပ်မှုအပြင် ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ် စီမံခန့်ခွဲမှု တို့ကို ဆက်လက် တိုးချဲ့ဆောင်ရွက်နေသည်။

၎င်းသည် AA ကို သာမန်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထက် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအခန်းကဏ္ဍရှိသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်လည်း တိုက်ရိုက်သက်ရောက်မှုရှိလာနိုင်သည်။

အခြားတစ်ဖက်တွင် စစ်အုပ်စုသည်လည်း ရခိုင်၏ အရေးပါမှုကို ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် ရခိုင် တွင် စစ်ရေးဖိအားကို ဆက်လက်ထိန်းသိမ်းထားစဉ် တစ်ချိန်တည်းမှာပင် နိုင်ငံရေးဆွေးနွေးမှုများကို အခြား ဒေသများတွင် တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်နိုင်သည်။

ဤသည်မှာ လက်ရှိ စစ်အုပ်စု၏ ‘စစ်ရေးဖိအားနှင့် နိုင်ငံရေးထိတွေ့ဆက်ဆံမှုကို ပေါင်းစပ်အသုံးပြုသည့် မဟာဗျူဟာ’ ၏ အထင်ရှားဆုံး လက္ခဏာတစ်ရပ် ဖြစ်လာနေသည်။

ရှေ့အလားအလာ

လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ကြည့်လျှင် မြန်မာနိုင်ငံ၏ ပဋိပက္ခသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဟု သုံးသပ်နိုင်သည်။ စစ်အုပ်စုသည် စစ်ရေးအင်အားတစ်ခုတည်းဖြင့် နိုင်ငံတစ်ဝန်းကို ပြန်လည် ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ပိုမိုနားလည်လာသကဲ့သို့ တွေ့ရသည်။

ထို့ကြောင့် စစ်ရေးဆောင်ရွက်မှုများနှင့်အတူ နိုင်ငံရေးဆွေးနွေးမှုများ၊ ရွေးချယ်ထားသည့် နိုင်ငံရေးလိုက်လျော မှုများနှင့် သံတမန်ရေးလှုပ်ရှားမှုများကို ပိုမိုတိုးမြှင့်အသုံးပြုလာနေသည်။

တစ်ဖက်တွင်လည်း AA အပါအဝင် တော်လှန်ရေးအင်အားစုများသည် မိမိတို့ထိန်းချုပ်ဒေသများတွင် အုပ်ချုပ် ရေးယန္တရားကို ဆက်လက်တည်ဆောက်နေကြပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း ဆက်လက် မြင့်တက်နေသည်။

အနာဂတ်တွင် ယနေ့တွေ့မြင်နေရသော နိုင်ငံရေးဆွေးနွေးမှုများသည် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဖြစ် ပြောင်းလဲလာမည်လား၊ သို့မဟုတ် စစ်ရေးဖိအားများကို နေရာရွှေ့ပြောင်းစီမံနိုင်ရန် အသုံးပြုသည့် နိုင်ငံရေးကိရိယာတစ်ခုအဖြစ်သာ ဆက်လက်တည်ရှိနေမည်လားဆိုသည်မှာ မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး ဦးတည်ချက်ကို ဆုံးဖြတ်ပေးမည့် အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

နိဂုံးချုပ်

လတ်တလော ဖြစ်ပေါ်နေသော ဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ ပဋိပက္ခအခြေအနေသည် စစ်ရေးတစ်ခုတည်း ဖြင့် ရှင်းလင်းဖော်ပြနိုင်သည့် အဆင့်ကို ကျော်လွန်လာပြီဖြစ်ကြောင်း ဖော်ပြနေသည်။

FPNCC အဖွဲ့ဝင်အချို့နှင့် စစ်အုပ်စုတို့၏ ဆက်တိုက်တွေ့ဆုံမှုများ၊ မစ္စတာ ဆာဆာကာဝါ၏ မြန်မာနိုင်ငံခရီးစဉ် နှင့် တစ်ချိန်တည်းတွင် ရခိုင်၌ စစ်အုပ်စု၏ မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်း တို့သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ အပြန်အလှန် ချိတ် ဆက်နေသည့် ပဋိပက္ခပုံစံသစ်တစ်ရပ်သို့ ရောက်ရှိလာကြောင်း ပြသနေသည်။

လက်ရှိအခြေအနေတွင် စစ်အုပ်စုသည် နိုင်ငံရေးဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်နေသော်လည်း ရခိုင်၊ ကချင်နှင့် အခြားတိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင် စစ်ရေးဖိအားများကို လျှော့ချသည့် လက္ခဏာ မတွေ့ ရသေးပေ။

ထို့ကြောင့် လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို သီးခြားဖြစ်စဉ်တစ်ခုအဖြစ် မဟုတ်ဘဲ စစ်ရေးမဟာဗျူဟာ၊ နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုနှင့် နိုင်ငံတကာသံတမန်ရေးတို့ ပေါင်းစပ်အသုံးချနေသည့် မဟာဗျူဟာတစ်ရပ်၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ရန် လိုအပ်လာသည်။

ရခိုင်အတွက်ဆိုလျှင် ယခုအခြေအနေသည် ပိုမိုအရေးကြီးပြီး ULA/ AAသည် နယ်မြေထိန်းချုပ်မှုသာမက အုပ် ချုပ်ရေး၊ လူထုဝန်ဆောင်မှု၊ လူသားချင်းစာနာမှုနှင့် အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုများကို ဆက်လက်တိုးချဲ့ ဆောင်ရွက်နေချိန်တွင် စစ်အုပ်စုကလည်း လေကြောင်းတိုက်ခိုက်မှုများ၊ နယ်စပ်ထိုးစစ်များနှင့် နိုင်ငံရေး ဖိအားများကို တစ်ပြိုင်နက်တည်း အသုံးပြုနေသည်။

ထို့ကြောင့် လာမည့်ကာလ၏ အဓိကအဆုံးအဖြတ်သည် စစ်မြေပြင်တစ်ခုတည်းတွင် မဟုတ်တော့ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာ၏ သံတမန်ရေး အခန်းကဏ္ဍနှင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများအပေါ်တွင် ပိုမိုမူတည်လာနိုင်သည်။

အဆိုပါ အခြေအနေအောက်တွင် FPNCC အဖွဲ့ဝင်များနှင့် စစ်အုပ်စုတို့၏ ဆက်ဆံရေး တိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို လျော့ကျစေမည့် အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်သကဲ့သို့ တိုက်ပွဲ၏ ဦးတည်ရာနှင့် စစ်ရေးဖိအားများကို ပြန်လည်ပြောင်းလဲစေမည့် မဟာဗျူဟာအပြောင်းအလဲတစ်ခုလည်း ဖြစ်လာနိုင်သည်။

ထို့ကြောင့် ယခုဖြစ်ပေါ်နေသော တွေ့ဆုံဆွေးနွေးမှုများကို အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖြစ်သာ မမြင်သင့်ဘဲ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စစ်ရေးနှင့် လုံခြုံရေးပတ်ဝန်းကျင်ကို ပြန်လည်ပုံဖော်နေသည့် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာပြိုင်ဆိုင်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက် စောင့်ကြည့်သုံးသပ်ရန် လိုအပ်နေမည် ဖြစ်သည်။

ဓာတ်ပုံ - Crd

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...