မြိုင်တွင် စစ်အုပ်စုတပ်က တဲကြီးရွာကို မီးရှို့ဖျက်ဆီး

မြိုင်တွင် စစ်အုပ်စုတပ်က တဲကြီးရွာကို မီးရှို့ဖျက်ဆီး
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် တဲကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြေပြင် သတင်း ရင်းမြစ်က ပြောသည်။

အင်အား ရာချီပါဝင်သည့် စစ်အုပ်စု စစ်ကြောင်းသည် ရေနံမှော်များ တည်ရှိရာ ဒေသ၏ အစပ်ရှိ တဲကြီးကျေးရွာ အတွင်းသို့ ဩဂုတ်လ ၂၆ ရက်က စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် ရွာကို မီးရှို့ ပြီးနောက် ရွာမှ ပြန်လည်ထွက်ခွာ၍ အနောက်ဘက် တောအစပ်များအတွင်း ဝင်ရောက်သွားကြောင်း မြိုင်မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။

မြိုင်မြို့နယ် ပကဖ တာဝန်ခံက “ဒီကောင်တွေက တဲကြီးရွာအဝင်မှာ အထိနာထားတော့ တဲကြီးရွာမှာ တော် တော် များများတော့ ရှို့ထားတဲ့အခြေအနေ တွေ့ရတယ်။ ရွာထဲမှာတော့ မရှိတော့ဘူး ရွာရဲ့အနောက်ဘက် တောကြားထဲမှာ ခိုနေတာပေါ့။ သူတို့ စစ်ကြောင်း ရွေ့တော့မယ်ဆိုတဲ့ သဘောပေါ့” ဟု ပြောသည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် မိတ္ထီလာလေတပ်မှတစ်ဆင့် Y-8 ထောက်ပို့လေယာဉ်ဖြင့် စစ်အုပ်စုတပ်က ရိက္ခာနှင့် ခဲယမ်းများကို ၁၁ ကြိမ်ခန့် လေကြောင်းမှ ထောက်ပံ့ပေးခဲ့သည်။

“ဒီနေ့တော့ လေကြောင်းလာတာ မရှိဘူး” ဟုလည်း ၎င်းက ပြောသည်။

ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ အင်အား ရာနှင့်ချီပါဝင်သည့် စစ်အုပ်စုတပ် စစ်ကြောင်းသည် ပြီးခဲ့သည့် မေလအစောပိုင်းမှစ၍ မြိုင်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ရေနံမှော်ဒေသများ ကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အဆိုပါ ရေနံမှော်ဒေသများကို ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်ပြီး လက်ရှိတွင် နေ့စဉ်နှင့်အမျှ စစ်ရေးတင်းမာလျက်ရှိကာ လေကြောင်းတိုက်ခိုက်မှုများလည်း မကြာခဏ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်ကလည်း တဲကြီးရွာနှင့် အနီးဝန်းကျင် ကျေးရွာများကို စစ်အုပ်စုတပ်က Mi-35၊ ဂျိုင်ရိုကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည့်အပြင် စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

စစ်အုပ်စုတပ်၏ စစ်ကြောင်းဝင်ရောက်မှုကြောင့် ရေနံမှော်လုပ်ငန်းများ ရပ်တန့်ထားရသလို၊ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ၂၀ ထက်မနည်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

လက်ရှိ မိုးတွင်းကာလဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် အမိုးအကာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ နှင့် စားနပ်ရိက္ခာ အကူအညီများစွာ လိုအပ်လျက်ရှိသည်။

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...