ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို စစ်အုပ်စု တပ်က ထပ်မံဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် ရက်စက်စွာ နှိပ်စက်ခဲ့သဖြင့် စစ်တွေဆေးရုံကြီး၌ သေဆုံး သွားကြောင်း နီးစပ်သူများက ပြောသည်။
သေဆုံးသွားသူမှာ စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ စစ်ဘေးရှောင်လာသူဖြစ်ပြီး ဆင်ကူးလမ်းကျောင်း စစ်ဘေး ရှောင်စခန်း တာဝန်ခံအဖြစ် ဆောင်ရွက်နေသည့် အသက် (၅၈) နှစ်အရွယ် ဦးသာဟန် ဖြစ်သည်။
၎င်းနှင့် နီးစပ်သူတစ်ဦးက “ နှိပ်စက်ခံရလို့ လက်ထိပ်တန်းလန်းနဲ့ ဆေးရုံတက်နေရတာပါ။ မနေ့က သေသွားပါ ပြီ” ဟု နိရဉ္စရာသို့ ပြောသည်။
ဦးသာဟန်သည် ဩဂုတ်လ ၂၅ ရက် ည ၁၀ နာရီခန့်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ လက်ထိပ်တန်းလန်း ဖြင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်သည်။
အဆိုပါ နီးစပ်သူက “သူစရဖဆီမှာ စစ်ခံရတုန်းက နှိပ်စက်ခံခဲ့ရတယ်လို့ ကြားတယ်။ ခြေထောက်တွေဆို နင်းခံ ထားရလို့ အသားတွေ ကြေသွားပြီတဲ့။ ဖြတ်ထုတ်ပစ်ရဖို့ အခြေအနေ ရှိတယ်တောင်ကြားလိုက်တယ်။ အခုသေ သွားပြီ။ မိသားစုဆီ အလောင်းပေးမယ်လို့ ကြားသိရပါတယ်” ဟု ဆက် ပြောသည်။
ဆင်ကူးလမ်းကျောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးသာဟန်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက် ညနေ ၃ နာရီခန့်တွင် အင်အား ၇ ဦးခန့် ပါဝင်သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်တစ်စီးဖြင့် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
စစ်တွေ ဒေသခံတစ်ဦးက “နောက်ဆုံးအကြိမ် ဖမ်းခဲ့တုန်းက လမ်းတောင် မလျှောက်နိုင်တော့ဘူး သူ။ ပထမ တစ်ခေါက် ဖမ်းကတည်းက နှိပ်စက်ခံထားရတာ။ မေးမြန်းစရာရှိတယ်၊ နေမကောင်းလည်း ဆေးကုပေးမယ်ဆို ပြီး စစ်သားနှစ်ယောက် ချီပြီး ကားပေါ်ခေါ်တင်သွားတာ” ဟု ပြောသည်။
ဦးသာဟန်သည် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် ည ၉ နာရီခွဲခန့်ကလည်း ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်၏ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခြင်း ခံရအပြီး ပထမအကြိမ် ဖမ်းဆီးခံခဲ့ရဖူးသည်။
အဆိုပါ ဖမ်းဆီးမှုအပြီး ၇ ရက်အကြာ ဇွန်လ ၂၂ ရက်တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ ပြန်လည် လွတ် မြောက်လာခဲ့သော်လည်း ဇူလိုင်လ ၂၁ ရက်တွင် စစ်အုပ်စုတပ်က ထပ်မံဖမ်းဆီး၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
၎င်းအား ဒကစ၌ စစ်ဆေးပြီးနောက် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ထံ လွှဲပြောင်းကာ အပြင်းအထန် စစ်ကြောနှိပ်စက်ခဲ့ခြင်းကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရခြင်း ဖြစ်သည်။







