မိသားစုနှင့် အဆက်အသွယ်မရ၍ မလေးရှားထောင်များ၌ ရခိုင်လုပ်သားများ မလွတ်ဘဲ ဖြစ်နေ

မိသားစုနှင့် အဆက်အသွယ်မရ၍ မလေးရှားထောင်များ၌ ရခိုင်လုပ်သားများ မလွတ်ဘဲ ဖြစ်နေ
ဓာတ်ပုံ - JIM
ဓာတ်ပုံ - JIM

မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ မိသားစုနှင့် အဆက်အသွယ်မရသဖြင့် ပြန်လည် မလွတ်မြောက်နိုင်ဘဲ ကြန့်ကြာနေကြောင်း မလေးရှားရောက် ရခိုင်အသိုင်း အဝိုင်းထံမှ သိရသည်။

မလေးရှားရောက် ရခိုင်လူမှုရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “မိသားစုနဲ့အဆက်အသွယ်မရ၊ မှတ်ပုံတင်မရှိ၊ အိမ်ထောင်စုမရှိ၊ ရပ်ကွက်ထောက်ခံစာ၊ အားလုံးထောက်ခံစာအသီးသီးတွေကို လဝကက တောင်းလာတဲ့အခါ မှာ မပြနိုင်မပေးနိုင် အဲ့လိုမျိုးတွေဆိုရင် နှစ်တွေကြာပြီးတော့ အဲ့လို အခက်အခဲတွေနဲ့ ကြုံရတယ်လေ” ဟု ပြောသည်။

မိသားစုနှင့် အဆက်အသွယ်ရရှိပြီး အထောက်အထား စာရွက်စာတမ်းများ ပြသနိုင်ကာ ငွေကုန်ကြေးကျ ခံနိုင်ပါ က ပြန်လည်လွတ်မြောက်လေ့ရှိပြီး ယင်းသို့ လွတ်မြောက်နိုင်ရန် လူတစ်ဦးလျှင် မြန်မာငွေကျပ် သိန်း ၁၀၀ နှင့် အထက် ကုန်ကျတတ်ကြောင်း ဆိုသည်။

မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထောင်ချခံထားရသည့် ရခိုင်လူမျိုးများမှာ အထောက်အထားမဲ့ ဝင်ရောက်နေထိုင် မှုနှင့် အော်ပရာစီ (Operasi) ဝင်ရောက်ဖမ်းဆီးချိန်များတွင် အများဆုံး ပါဝင်သွားကြခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး မှုများနှင့် သူတပါး၏ ချောက်တွန်းခံရမှုတို့ကြောင့် အဖမ်းခံရသူများလည်း ပါဝင်သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဆီမန်ယီး (Semenyih) အကျဉ်းထောင်မှာ ဗဟိုအကျဉ်းထောင်ဖြစ်ပြီး မြန်မာ အပါအဝင် တရားမဝင် နိုင်ငံခြားသား အများဆုံးရှိသည့် ထောင်ဖြစ်ကြောင်း သိရသည်။

ဆွမ်ဂိုးဘူမြို့ရှိ အကျဉ်းထောင်တွင်မူ အချုပ်သားများကို အများဆုံး ထိန်းသိမ်းထားပြီး အဆိုပါ ထောင်မှ တစ်ဆင့် ပြစ်ဒဏ်ချမှတ်ပြီးပါက ဆီမန်ယီးထောင်သို့ လွှဲပြောင်းပို့ဆောင်လေ့ရှိသည်။

ဂျိုဟိုးမြို့ရှိ ကလမ်းဘာသထောင်၌လည်း မိသားစုနှင့် အဆက်အသွယ်မရသဖြင့် မလွတ်မြောက်နိုင်သည့် ရခိုင် ရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့် ရှိနေကြောင်း အဆိုပါထောင်သို့ ကိုယ်တိုင် သွားရောက်ခဲ့သူ မလေးရှားရောက် ရခိုင်လူမှုကူညီရေး လှုပ်ရှားသူ ကိုရဲရဲက ပြောဆိုသည်။

ကိုရဲရဲက “ကျနော်တော့ အဲဒီမှာ ကလမ်းဘာသထောင်ကို နှစ်ခါရောက်ဖူးတယ်။ သူငယ်ချင်းအဖမ်းခံရလို့ ထောင်ဝင်စာသွားတွေ့လို့ပါ။ ရခိုင်သားတွေကတော့ များပါတယ်။ အဲဒီမှာ ကမ့်(Camp)ထဲကို ရောက်လို့ မလွတ်နိုင်ဆိုတာလည်း မြန်မာသံရုံးနဲ့ ဆက်သွယ်ပေးဖို့လူတွေမရှိတာတွေက အများကြီးဆိုင်ပါတယ်” ဟု ပြောသည်။

မလေးရှားထောင်များတွင် ဖမ်းဆီးထောင်ချခံထားရသည့် မြန်မာအပါအဝင် နိုင်ငံခြားသားများသည် အနေ ဆင်းရဲ၊ အစားဆင်းရဲ၊ အအိပ်ဆင်းရဲတို့ဖြင့် ခက်ခဲစွာ ရုန်းကန်နေကြရသည်။ မလေးရှားရောက် ရခိုင်လူမှုကူညီ ရေး ပရဟိတအဖွဲ့အချို့၏ ပြောကြားချက်အရ မလေးရှားထောင်အသီးသီးတွင် အကူအညီမဲ့ ပိတ်မိနေသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား ဦးရေအတိအကျကို စာရင်းစုံစမ်းရန် ခက်ခဲနေဆဲဖြစ်သည်။

မလေးရှားရောက် ရခိုင်လူမှုရေးလှုပ်ရှားသူ အမျိုးသမီးက “အဖမ်းခံရတဲ့သူတွေနဲ့လည်း ဆိုင်ပါတယ်။ ဗြုန်းစား ကြီး Immigration က ဝင်ဖမ်းသွားတယ်ဆိုတာနဲ့ ဖုန်းကို အရင်ကောက်ကိုင်ပြီး ငါ အော်ပရာဇီ ဘယ်နေရာ ဘယ်နေရာက ပါသွားပြီ။ အဲဒါတစ်ခုကို လိုင်းပေါ်မှာ တင်ထားခဲ့ရင်ပဲဖြစ်ဖြစ်၊ အသိမိတ်ဆွေတွေကို မျှဝေခဲ့တာ တွေပဲဖြစ်ဖြစ်၊ အဲလို အသံဖိုင်တစ်ဖိုင်နဲ့ ပို့ပစ်ခဲ့တယ်ဆိုရင်တောင် ညီမတို့ဘက်က ကူညီဖို့ လူမှုအဖွဲ့အစည်းတွေ ဘက်က လိုက်ပြီးတော့ သူ့ကို ဖမ်းသွားတဲ့နေ့နဲ့ ဖမ်းသွားတဲ့နေရာကို သိနိုင်မယ်။ ဒီမှာဘက်မှာ Immigration ဝင်တယ်ဆိုတာက အချိန်နဲ့တပြေးညီလိုက်နိုင်မှပါ။ ဘယ်သူတစ်ယောက်ကို ဘယ်နေရာမှာ ဖမ်းသွားတယ်ဆို တာ ချက်ချင်း ပူပူနွေးနွေးလိုက်ပြီး ဖော်တာ၊ လိုက်ပြီးကြည့်ပြီးမှ အဆင်ပြေတာပါ” ဟု ပြောသည်။

မိသားစုများနှင့် အဆက်အသွယ်မရဘဲ မလွတ်မြောက်နိုင်သူများကို လိုက်ပါကူညီ ဆောင်ရွက်ပေးမည့် ရခိုင်လူမှု အဖွဲ့အစည်းများ နည်းပါးနေပြီး ကူညီပေးချင်သူ ကိုယ်တိုင်ကလည်း အထောက်အထားမဲ့ နေထိုင်သူများ ဖြစ်နေ သဖြင့် ကူညီရန် အခက်အခဲရှိနေကြသည်။

မလေးရှားထောင်အသီးသီးတွင် အကူအညီမဲ့နေသည့် ထိုရွှေ့ပြောင်းလုပ်သားများမှာ လွတ်ရက်စေ့ပါက မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရလေ့ရှိသည်။ ယခု ဩဂုတ်လ တတိယပတ်အတွင်းကလည်း မလေးရှားနိုင်ငံ၌ လွတ်ရက်စေ့သွားသည့် မြန်မာနိုင်ငံသား ၂၀ ဦးအပါအဝင် နိုင်ငံခြားသား ၂၅၅ ဦးကို နေရပ်သို့ ပြန်ပို့ခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ဇာတိရပ်ရွာသို့ ပြန်ရောက်သူများရှိသလို စစ်အုပ်စုတပ်၏ စစ်မှုထမ်း ရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရမှုများနှင့်လည်း ကြုံတွေ့နေကြရသည်။

Most read this week

August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...
ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...