ဧရာဝတီတိုင်း ရေကြည်၌ မှားယွင်းဗုံးကြဲမိ၍ စစ်တပ်စစ်ကြောင်းမှ ၁၀ ဦးထက်မနည်း သေဆုံး

ဧရာဝတီတိုင်း ရေကြည်၌ မှားယွင်းဗုံးကြဲမိ၍ စစ်တပ်စစ်ကြောင်းမှ ၁၀ ဦးထက်မနည်း သေဆုံး
ဓါတ်ပုံ - (ပုံဟောင်း - Crd)
ဓါတ်ပုံ - (ပုံဟောင်း - Crd)

ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ် သုံးတန်ကူးကျေးရွာအနီး တိုက်ပွဲတွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲရာ၌ ၎င်းတို့စစ်ကြောင်းပေါ်သို့ မှားယွင်းကျရောက်ကာ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ရေကြည်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမ တောင်ကျော်လမ်း အတိုင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့များကို အာရက္ခတပ်တော် (AA) က ဖြတ်တိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုတပ် ဆုတ်ခွာချိန်၌ လေကြောင်းမှ ဗုံးကြဲစဉ် ၎င်းတို့ စစ်ကြောင်းပေါ်သို့ ဗုံးများ မှားယွင်း ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ရေကြည်မြို့ ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက “ဩဂုတ်လ ဒုတိယအပတ်က ရေကြည်ရခိုင်ရိုးမ အစပ် ကမ္ဘာကြီး သုံးတန်ကူးကျေးရွာနဲ့ ချက်ပွိုင့်ကြားတွေမှာ တိုက်ပွဲတွေရှိတယ်။ စစ်တပ်ကကျတယ် အေအေက လည်းထိတယ်။ စစ်တပ်က အကျများလို့ စစ်ကားတွေနဲ့ ပုသိမ်အထိ လူနာတွေသယ်တယ်။ အလောင်း မကောက်နိုင်ဘူးဆိုတာ ကြားရတယ်။ ဟု ပြောသည်။

ထိုစစ်ကြောင်းသည် ရေကြည်မြို့နယ်၊ ကမ္ဘာကြီးကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ပါ စစ်ကြောင်း ဖြစ်ပြီး သုံးတန်ကူးကျေးရွာနှင့် ချက်ပွိုင့်အကြား ရောက်ရှိစဉ် လေကြောင်းပစ်ကူပေးသည့် လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းက “လေကြောင်းကလည်း ပစ်နေတယ်။ ရခိုင်ရိုးမရယ် ဂွမြို့အထိဗုံးကြဲတယ်။ ဒါပေမယ့် ကိုယ့်စစ် ကြောင်းကို ပြန်ထိတယ်ဆိုတာ အခုရက်ပိုင်းမှ စစ်မှုထမ်းတပ်သား သစ်တွေဆီကတဆင့် သတင်းပေါက်ကြား လာတာပါ။ ဆယ်ယောက်ကျော် သေတဲ့အပြင် ဒဏ်ရာရတာတွေလဲ များတယ်လို့သိထားပါတယ်” ဟု ဆက် ပြောသည်။

လေကြောင်းမှ မှားယွင်း ဗုံးကြဲခံရသည့် နေရာသည် ရခိုင်နယ်စပ် တောင်ခြေသစ်တောကြိုးဝိုင်းမှ ၂ မိုင်ခန့်အကွာ AA က ထိန်းချုပ်စိုးမိုးထားသည့် နေရာဖြစ်သည်။ ရေကြည်မြို့နယ် အနောက်ဘက်ခြမ်း ကမ္ဘာကြီးကျေးရွာ အုပ်စုရှိ သုံးတန်ကူးနှင့် စစ်ဆေးရေး ဂိတ်စခန်းများမှာ ရခိုင်ရိုးမတောင်ခြေနှင့် တိုက်ရိုက် ထိစပ်လျက်ရှိသည်။

အဆိုပါ မှားယွင်း ဗုံးကြဲမှုကြောင့် စစ်အုပ်စုတပ်စိတ်အချို့မှာ ထွက်ပြေးရင်း AA ထံ အဖမ်းဆီးခံရမှုများ ရှိခဲ့သလို ဒဏ်ရာရရှိသူများကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသူများလည်း ရှိခဲ့သည်။

ထိုသို့ မှားယွင်း ဗုံးကြဲမိပြီးနောက် စစ်အုပ်စုတပ်သည် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ ဝါးတောကွင်း၊ ရွာသစ်နှင့် ကမ္ဘားကြီးကျေးရွာများကို ကင်းထောက်လေယာဉ်များ ပျံသန်းပြီးမှ တိုက်လေယာဉ်များဖြင့် ထပ်မံ ဗုံးကြဲတိုက် ခိုက်ခဲ့သည်။

စစ်အုပ်စုတပ်သည် ဝါးတောကွင်း၊ ရွာသစ်နှင့် ကမ္ဘားကြီးကျေးရွာများ၌ ဗုံးထောင်မှုများပါ ပြုလုပ်ထားပြီး ရေကြည်မြို့နယ်ဘက်မှ တစ်ဆင့် စက်ဒေါင့်ကြီးသို့ ဒဏ်ရာရ လူနာများကို ဆက်တိုက် ပြန်လည် သယ်ဆောင် ကာ အင်အားဖြည့်တင်းမှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။

Most read this week

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း တစ်နေရာ၌ တွေ့ရသည့် မော်တော်ယာဉ်များ / Crd
September 16, 2026
မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၊ ကွင်းလမ်းတစ်နေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KPDF...
ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူအချို့ / ဇင်ချောင်း လူငယ်ပရဟိတအသင်း
September 16, 2026
ရခိုင်ပြည် တောင်ပိုင်း၊ ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူများအတွက် အခြေခံ...
ညောင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က စစ်အုပ်စုတပ် စစ်ကြောင်းဝင်ရောက် မီးရှို့မှု ကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့စဉ်။ / ပုံဟောင်း
September 15, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကြောင်းထိုးလာသည့်...
လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ / AA
September 15, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများနှင့်...