ဘူးသိုမြို့နယ်၌ ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီး ၇၀ ကျော် ပစ်ခတ်

ဘူးသိုမြို့နယ်၌ ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီး ၇၀ ကျော် ပစ်ခတ်
ဓာတ်ပုံ - Crd (KNU)
ဓာတ်ပုံ - Crd (KNU)

ကရင်ပြည်၊ မူတြော် (ဖာပွန်) ခရိုင်ထဲက ကျေးရွာများကို စစ်အုပ်စုတပ်က လက်နက်ကြီး အလုံးရေ ၇၀ ကျော် ဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၊ မူတြော် (ဖာပွန်) ခရိုင်ထဲက ဘူးသိုမြို့နယ်၊ စောမူပလောကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများကို ၄ ရက်တာအတွင်း စစ်အုပ်စုတပ်က လက်နက်ကြီး ၇၇ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မူတြော်ခရိုင်ထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ စစ်အုပ်စု၏ ပိုခေးခို့၊ ဖါးဂေါ်ခို့၊ ဝကလေ့တူ့နှင့် ဖါးဂေါ်လိုးစခန်းတို့မှ လက်နက်ကြီးများဖြင့် ၄ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် မို့လာခို့၊ ထို့ကိုပ လော၊ ထို့ကိုထ၊ လိပွေခီး၊ ပလို့ဝေါခီး၊ ထို့ဒို့ပလော၊ ထီးချိမော်ခီး၊ လယ်ဒို့ထီနှင့် ဖောမူသိပလော ကျေးရွာရှိ အရပ်သားများ၏ လုပ်ငန်းခွင်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု စခန်းများမှ ၁၂၀ မမ လက်နက်ကြီး ၁၁ လုံး ပစ်ခတ်ခဲ့ရာ မို့လာခို့နှင့် ထို့ကိုပလောရွာဘက်သို့ ကျရောက်ခဲ့သည်။ ထို့အပြင် ဩဂုတ်လ ၁၉ ရက်နေ့၌လည်း ဖါးဂေါ်ခို့နှင့် ပိုခေးခို့စခန်းတို့မှ ၈၁ မမ လက်နက်ကြီး ၆၀ လုံး ပစ်ခတ်ခဲ့သဖြင့် ထို့ကိုထ၊ လိပွေခီးနှင့် ပလို့ဝေါခီးရွာများအတွင်း ကျရောက်ခဲ့ကြောင်း မူတြော်ခရိုင်/တပ်မဟာ (၅) တာဝန်ရှိသူထံမှ သိရသည်။

ထို့ပြင် ဩဂုတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ၃ ရက်တာအတွင်း၌လည်း ၁၂၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ထို့ဒို့ပလော၊ ထီးချိမော်ခီး၊ လယ်ဒို့ထီနှင့် ဖောမူသိပလောရွာများသို့ ထပ်မံပစ်ခတ်ခဲ့သည်။

မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က “အခုလို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တာက ရွာတွေကို တစ်ရွာလုံးကြေမွသွားအောင် လုပ်နေတာနဲ့တူတယ်၊၊ လက်နက်ကြီးတွေကလည်း ရွာသားတွေ အလုပ်လုပ်နေ တဲ့ အလုပ်ခွင်တွေထဲမှာ ကျရောက်တာတွေရှိတယ်။ စစ်အုပ်စုဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံး ပြုပြီး ဒေသခံရွာသားတွေကို နေ့တိုင်းလိုလို ပစ်ခတ်နေတယ်” ဟု ပြောသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာနေ ပြည်သူများမှာ အသက်မွေးဝမ်းကျောင်း မလုပ်ကိုင်နိုင်ဘဲ ထိတ်လန့်စိုးရိမ်နေကြရသည်။

ပဒိုစောထို့ရော်ဘင်က “လက်နက်ကြီးအန္တရာယ်နဲ့ ကြုံနေရတဲ့ ရွာသားတွေအနေနဲ့လည်း အခုဆိုရင် အလုပ်ခွင် ထဲဆင်းဖို့ ပိုပြီးကြောက်လာကြတယ်။ စစ်အုပ်စုဘက်က ဒေသခံရွာသားတွေကို ရန်သူလို သဘောထားပြီး လိုက်လံတိုက်ခိုက်နေတာ” ဟု ဆက် ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်နေ့များကလည်း စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး တိုက် ခိုက်မှုများကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံ အပါအဝင် နေအိမ် ၄၀ ထက်မနည်း ပျက်စီးခဲ့သည်။

နယ်မြေထိန်းချုပ်ရန် မူတြော်ခရိုင်/တပ်မဟာ (၅) နယ်မြေသို့ စစ်ကြောင်းချီလာသည့် စစ်အုပ်စုတပ်သည် လမ်း တစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသဖြင့် လက်ရှိတွင် ဒေသခံ ၁၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရသည်။

Most read this week

ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...
September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...