သောင်ရင်းမြစ်ရေ ပြန်တက်လာ၍ မြဝတီ၌ ရေဘေးသတိပေး

သောင်ရင်းမြစ်ရေ ပြန်တက်လာ၍ မြဝတီ၌ ရေဘေးသတိပေး
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။

သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ရှောင်ရှားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ်လ ၂၃ ရက်က သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းခဲ့သဖြင့် အနိမ့်ပိုင်း ရပ်ကွက်အချို့မှ ရေဘေးသင့်ပြည်သူအချို့ နေအိမ်ပြန်ခဲ့ကြပြီး ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုကိုလည်း ပိတ်သိမ်းခဲ့သည်။

သို့သော် ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ထက် ၂ လက်မခန့် ပြန်လည်ကျော်လွန်လာပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်နိုင်ကြောင်း ဆိုသည်။

မြို့၏ အနိမ့်ပိုင်းနေရာအချို့တွင် ရေပြန်မကျသေးသည့်အပြင် မြောင်းများအတွင်း မိုးရေနှင့် ချောင်းရေများ ပြန်လည်စိမ့်ဝင်နေသဖြင့် ချောင်းရေ ထပ်မံလျှံတက်ပါက မြို့တွင်းသို့ ရေဝင်ရောက်မှု ပိုမိုမြန်ဆန်လာနိုင် ကြောင်း မြို့ခံများက ဆိုသည်။

မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက “အနိမ့်ပိုင်းအချို့နေရာတွေမှာ အရင်ကတက်ခဲ့တဲ့ ရေတောင် ကောင်းကောင်း မဆင်းသေးရသေးဘူး။ အခုမြောင်းကနေ မိုးရေရော ချောင်းရေတွေရော ပြန်စိမ့်ဝင်နေတာပါ။ ဒီတစ်ခါ ချောင်းရေ လျှံရင် မြို့ထဲရေဝင်မြန်လိမ့်မယ် ဒီနေ့ အမှတ် ၁ အထကခွဲကျောင်းတောင် ကလေးတွေကို အိမ်ပြန် လွှတ်ပေးလိုက်ပြီး ပြန်ပြင်ဆင်ထားရမယ့် ပုံဖြစ်နေတယ်” ဟု ပြောသည်။

ရေအတက်အကျ အခြေအနေ မတည်ငြိမ်သေးသဖြင့် အမှတ် (၁) အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့ ဩဂုတ်လ ၂၄ ရက်တွင် နေအိမ်များသို့ ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ကာ မြဝတီမြို့ အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုအထိ ဖွင့်လှစ်ခဲ့ရသည်။

လက်ရှိတွင် အမှတ် (၄) ရပ်ကွက်ရှိ တောရဘုန်းကြီးကျောင်း၊ ကြခတ်တောဘုန်းကြီးကျောင်းနှင့် အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းကျောင်းတို့၌ ရေဘေးသင့်ပြည်သူ ၁,၆၀၀ ကျော် ဆက်လက် ခိုလှုံလျက်ရှိသည်။

ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေ စီးဆင်းမှုများပြားကာ မွန်ပြည်နှင့် ကရင်ပြည်အတွင်းရှိ မြို့နယ် ၁၀ ခုထက်မနည်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Most read this week

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...