တနင်္သာရီ လောင်းလုံးတွင် စစ်တပ်က ရမ်းသမ်းပစ်ခတ်၍ သားအဖ ၂ ဦး သေဆုံး

တနင်္သာရီ လောင်းလုံးတွင် စစ်တပ်က ရမ်းသမ်းပစ်ခတ်၍ သားအဖ ၂ ဦး သေဆုံး
(ဓာတ်ပုံ - ပေးပို့ / Crd)
(ဓာတ်ပုံ - ပေးပို့ / Crd)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက် ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ကျောက်ဆင်ကျေးရွာရှိ သားအဖနှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိသားစုဝင် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်တွင် လောင်းလုံးမြို့နယ်အခြေစိုက် စစ်အုပ်စု၏ ခလရ (၁၀၄) တပ်ရင်းက အနီးနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းကားပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ကျည်နှစ်လုံးမှာ ကျောက်ဆင်ကျေးရွာ အရှေ့ပိုင်းရှိ လူနေအိမ်များအနီး ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် နေအိမ်ဝင်းအတွင်း အလုပ်လုပ်နေသည့် အသက် ၅၀ ကျော်အရွယ် ဦးသန်းအောင် နှင့် သားဖြစ်သူ ကိုပြည့်အောင်တို့မှာ ဒဏ်ရာအပြင်းအထန် ရရှိကာ နေရာတွင်ပင် သေဆုံးသွားခဲ့ရသလို ဇနီး ဖြစ်သူနှင့် တူမဖြစ်သူတို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဒေသခံတစ်ဦးက “စစ်တပ်က ဘာတိုက်ပွဲမှမရှိဘဲ ခလရ (၁၀၄) ဘက်ကနေ လက်နက်ကြီးနဲ့ အကြောင်းမဲ့ ရမ်း ပစ်တာပါ။ အိမ်နောက်ဖေးမှာ အလုပ်လုပ်နေကြတဲ့ သားအဖနှစ်ယောက် ကျည်စထိပြီး နေရာမှာတင် ဆုံးသွား တယ်။ အနီးနားက အိမ်တွေလည်း ပျက်စီးသွားသလို အမျိုးသမီး နှစ်ယောက်လည်း ဒဏ်ရာရခဲ့တယ်” ဟု ပြောသည်။

အဆိုပါ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွင်း အမျိုးသမီးတစ်ဦး၏ နားရွက်တွင် ကျည်စထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။

ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးသွားခဲ့သည့် သားအဖနှစ်ဦးကိုမူ ဩဂုတ်လ ၁၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကျောက်ဆင်ကျေးရွာ သုသာန်၌ သင်္ဂြိုဟ်လိုက်ပြီဖြစ်သည်။

ဒေသခံများ၏ ပြောပြချက်အရ အခင်းဖြစ်ပွားသည့် အနီးဝန်းကျင်တွင် မည်သည့် ထိတွေ့တိုက်ပွဲမျှ မရှိသလို စစ်ကြောင်းထိုးလာခြင်းလည်း မရှိဘဲ စစ်အုပ်စုတပ်က ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လောင်းလုံးဒေသခံ အမျိုးသမီးတစ်ဦးက “အလုပ်လုပ်နေကြတုန်း ရုတ်တရက်ကြီး ပစ်ထည့်လိုက်တာ။ ဘာ တိုက်ပွဲမှလည်း ဖြစ်တာမဟုတ်ဘူး။ သူတို့ထိုးချင်တဲ့အချိန် ထိုး၊ ပစ်ချင်တဲ့အချိန် ရမ်းပစ်နေတာဆိုတော့ နောက်လည်း ထပ်ပစ်မှာကို ရွာကလူတွေ အကုန်ကြောက်နေရတယ်” ဟု ပြောသည်။

လောင်းလုံးမြို့နယ်အတွင်း ပြီးခဲ့သည့် မေလနှောင်းပိုင်းမှစ၍ စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ စတင်မြင့်တက်ခဲ့ပြီး စစ်အုပ်စုတပ်က ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်ခြင်းနှင့် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ဆက်တိုက်ပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ကျောက်ဆင်ကျေးရွာ အပါအဝင် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများမှာ လုံခြုံရေးအခြေအနေအတွက် စိုးရိမ်နေကြသည်။

September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...
September 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေ နေရာ ၅ ခုကို စစ်အုပ်စုတပ်က "၄၉၂၆ စစ်ဆင်ရေး"...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် စစ်အုပ်စုတပ်၏ “၄၉၂၆ စစ်ဆင်ရေး”...