ရခိုင်ပြည် သံတွဲတွင် စစ်တပ် ဗုံးကြဲမှုကြောင့် သားအဖ နှစ်ဦး သေဆုံး၊

ရခိုင်ပြည် သံတွဲတွင် စစ်တပ် ဗုံးကြဲမှုကြောင့် သားအဖ နှစ်ဦး သေဆုံး၊
ဓါတ်ပုံ - အာရက္ခတပ်တော် (AA)
ဓါတ်ပုံ - အာရက္ခတပ်တော် (AA)

ရခိုင်ပြည် သံတွဲတွင် စစ်တပ် ဗုံးကြဲမှုကြောင့် သားအဖ နှစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရသွားခဲ့သည်။

သံတွဲမြို့ပေါ်ရှိ အမှတ် (၈/က) ရပ်ကွက်ကို စစ်တပ်က ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် ဦးမင်းနောင် (၅၀ နှစ်) နှင့် သမီးဖြစ်သူ မချွန်းလဲ့ရွှေရည် (၁၄ နှစ်) တို့ သားအဖ နှစ်ဦး နေရာ၌ပင် ပွဲချင်း ပြီး သေဆုံးခဲ့သည်။

ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အမှတ် (၈/က) ရပ်ကွက်၊ ၂ လမ်းရှိ ယခင် ဖိုးဇီဝ ဆေးဆိုင်အနောက်ဘက်ကို စစ်တပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ၇ လုံး ပျက်စီးခဲ့ရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးဇေယျာမင်းလွှင်၊ ၂ နှစ်အရွယ် မောင်ရွှေမိုး ယံဇော်နှင့် အသက် ၄၀ အရွယ် ဒေါ်ဌေးဌေးမော်တို့ ၃ ဦးမှာ ဗုံးစထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။

သံတွဲမြို့ ဒေသခံတစ်ဦးက “ကျနော်တို့မြို့ကို ဗုံးဆက်တိုက်ကြဲနေသလို ကင်းဖောက်တာတွေလည်း နေ့တိုင်းရှိ နေပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့လောက်ပဲ ဒီလမှာလဲဆက်တိုက်ကြဲနေတာပါ။ သူတို့မြို့မှာနေတဲ့ ပြည်သူ တွေကို အငြိုးနဲ့သတ်နေသလို ခံစားရပါတယ်၊အခုဒေသခံတွေ ဆိုင်ရောင်းတာ ဈေးထွက်တာတွေအပြင် ငါးဖမ်း ဟင်းရှာ လယ်စိုက် တောင်ယာတွေကိုတောင်မသွားရဲ တော့ပါဘူး” ဟု ပြောသည်။

ထို့ပြင် ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၆ နာရီ ၄၉ မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ မောင်ရွှေလေးကျေးရွာ အနီးဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သန့်ရှင်းရေး ဝန်ထမ်း ၃ ဦး အသေးစား ဒဏ်ရာများ ရရှိခဲ့သည်။

သံတွဲခရိုင်အတွင်းသို့ ဇူလိုင်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့အထိ တစ်လခန့်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့ရာ စုစုပေါင်း ဒေသခံအရပ်သား ၃၄ ဦး သေဆုံးပြီး ၃၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်နှင့် အဆောက်အအုံ ၂၁ လုံး ပျက်စီးခဲ့သည်။

ဖြစ်စဉ်များအနက် ထိခိုက်ဆုံးရှုံးမှု အများဆုံးမှာ ဩဂုတ်လ ၁၀ ရက်နေ့ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ တိုက်ခိုက်မှုဖြစ်ပြီး အရပ်သား ၁၇ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းက ဂွမြို့နယ်၊ ကျိန္တလီမြို့ တိုက်ခိုက်မှုတွင် ၈ ဦး သေဆုံးခဲ့သလို၊ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ကလေးငယ်များနှင့် မိသားစုလိုက် အပါအဝင် ပြည်သူ ၈ ဦး ထပ်မံ သေဆုံးခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့ ရွှေလှေကျေးရွာ တိုက်ခိုက်မှုတွင် မိသားစုဝင်များ အပါအဝင် ၄ ဦး သေဆုံးခဲ့သည့်အပြင် သံတွဲမြို့၊ အမှတ် (၇) နှင့် အမှတ် (၈) ရပ်ကွက်၊ ရောင်ခြည်ဦးရွာ၊ လင်းမူးတောင်ရွာ၊ ငပလီမြို့ ဂျိတ္တောရပ်ကွက် နှင့် လင်းသာရပ်ကွက် တိုက်ခိုက်မှုများတွင်လည်း စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

August 17, 2026
တစ်နိုင်ငံလုံး၏ ဂေဟစနစ်၊ လူမှုဘဝနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်လာနိုင်သည့် ဧရာဝတီမြစ်ဆုံ...
ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း - Crd)
August 15, 2026
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈...
August 15, 2026
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က...
August 14, 2026
ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့...