စတားလင့်စက်များ ပိတ်မည်ဟု သတင်းထွက်ပြီးနောက် ဘုရားသုံးဆူ၌ Atom နှင့် Mytel လိုင်းများ ပြန်ရ

စတားလင့်စက်များ ပိတ်မည်ဟု သတင်းထွက်ပြီးနောက် ဘုရားသုံးဆူ၌ Atom နှင့် Mytel လိုင်းများ ပြန်ရ
ဓာတ်ပုံ - ထိုင်းသတင်း
ဓာတ်ပုံ - ထိုင်းသတင်း

ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ ပိတ်သိမ်းမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ဘုရားသုံးဆူမြို့ပေါ်တွင် Atom နှင့် Mytel လိုင်းများ ပြန်လည် ရရှိလာနေကြောင်း ဘုရားသုံးဆူမြို့ခံများက ပြောသည်။

စတားလင့်စက်များကို ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှစ၍ အင်တာနက်ဖမ်းယူသည့် စက်များ မှတ်ပုံတင်ထား သည့် မူလနိုင်ငံသို့ ပြန်၍ အသုံးပြုရမည်ဟု ကုမ္ပဏီဘက်မှ သတိပေးထားသည်။

သို့သော် ဘုရားသုံးဆူမြို့ပေါ်တွင် Starlink စက်များကို အားထားရန်မလိုဘဲ ဩဂုတ်လဆန်းရက်မှစ၍ အင်တာ နက်လိုင်း 4G အထိ ပြန်လည်ရရှိနေသဖြင့် ဆက်သွယ်ရေး လွယ်ကူမြန်ဆန်လာကြောင်း မြို့ခံများက ပြောသည်။

မြို့ပေါ်ရှိ ကုန်သည်တစ်ဦးက “တယ်လီနောနဲ့ လိုင်းသုံးလို့မရနေတာ နှစ်နဲ့ချီရှိနေပြီး။ ဒါပေမဲ့ ဖုန်းဆက်လို့ တော့နည်းနည်းရတယ်။ မြို့ပေါ်မှာတော့ အများစု စတာ့လင့်ကိုပဲအားကိုးရတာ၊ အခုဆိုရင် အင်တာနက်တွေ ပြန်ရပြီးဆိုတော့ အလုပ်လုပ်တာပိုလွယ်လာတာပေါ့” ဟု ပြောသည်။

ထို့ကြောင့် ဖုန်းအရောင်းဆိုင်များတွင် Atom ဆင်းကတ်များကို မြို့ခံများက ဝယ်ယူမှု များပြားနေပြီး အင်တာ နက်လိုင်း အားမြှင့်စက်များကို ကျားဖြန့်လုပ်ငန်းမှ ကိုယ်စားလှယ်များဟု ယူဆရသူများ လာရောက် ဝယ်ယူခြင်း များ ပြုလုပ်လျက်ရှိသည်။

ဘုရားသုံးဆူမြို့တွင် ကျားဖြန့်နှိမ်နင်းရေး ပိတ်ဆို့မှုများကြောင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ကာလအတွင်း Starlink အင်တာနက် ရရှိရေးအတွက် မြို့ပေါ်အုပ်ချုပ်ရေး တာဝန်ယူထားသည့် DKBA ခေါင်း ဆောင် စောအေဝမ်းက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မြန်မာ့ဆက်သွယ်ရေး အော်ပရေတာမှ ဖုန်းလိုင်းများ ပြန်လည်ရရှိလာခြင်းသည် စောအေဝမ်း၏ ပါဝင်ပတ်သက်မှု မကင်းနိုင်သည့်အပြင် ကျားဖြန့်လုပ်ငန်းကို အထောက်အကူပြုရန် ရည်ရွယ်ခြင်း ဖြစ်နိုင် ကြောင်း မြို့ခံများက သုံးသပ်ကြသည်။

မြို့ခံတစ်ဦးက “ဒါကတော့ ရှင်းပါတယ်။ စတားလင့်စက်တွေ သိမ်းတော့မယ်ဆိုတော့ တရုတ်တွေကို အဆင်ပြေ စေချင်လို့ ဖုန်းလိုင်းတွေ ပြန်ပေးလာတယ်ပေါ့။ အခုဆို တရုတ်တွေတောင် Atom တို့ Mytel တို့ ပြန်သုံးနေ ကြတာ လတစ်ဝက်လောက်ရှိပြီး” ဟု ပြောသည်။

မြို့ပေါ်ရပ်ကွက် အများစုတွင် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်လာသော်လည်း အနိမ့်ပိုင်းရပ်ကွက် များ၌ Starlink အင်တာနက်ကိုသာ ဆက်လက်အသုံးပြုနေရဆဲဖြစ်သည်။ ယခုကဲ့သို့ ဖုန်းလိုင်းများ ပြန်လည် ရရှိလာခြင်းသည် ရေရှည် ပုံမှန်အတိုင်း ဖြစ်လာမည်လားဆိုသည်ကို ဒေသခံများက စောင့်ကြည့်လျက်ရှိသည်။

အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို နှိမ်နင်းသည့်အနေဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့ အပါအဝင် နယ်စပ်တစ်လျှောက်ရှိ နေရာ ၅ ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ် တောက်ခဲ့သည်။

ထို့နောက် ဘုရားသုံးဆူ နယ်စပ်ဒေသခံများသည် ATOM ဆင်းကတ်များကို ပြောင်းလဲအသုံးပြုခဲ့ကြသော်လည်း မတ်လ ၂၀ ရက်နေ့မှစ၍ ထပ်မံဖြတ်တောက်ခံရသဖြင့် ဘုရားသုံးဆူဒေသ၌ ဖုန်းလိုင်းများ လုံးဝပြတ်တောက် သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...