မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-အရှို) ၏ တပ်ဦးချုပ် (စစ်ဦးစီးချုပ်) အပါအဝင် ရဲဘော် ၃ ဦးသည် စစ်တပ်၏ စောင့်ကြိုစီးနင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရကြောင်း ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း CDF-အရှို တပ်ဦးချုပ် ဆလိုင်းရိုးချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော် အောင်လင်းဇော်တို့ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
CDF-အရှို တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အထောက်စခန်းဘက်ကို ရဲဘော်တွေနဲ့ သွားစစ်ကြည့်ရင်း စစ်တပ် စစ်ကြောင်းနဲ့တိုးပြီး အဝိုင်းခံရတဲ့ပုံစံမျိုးပါ။ ကျနော်တို့ တော်လှန်ရေးဘက်က ရဲဘော် ၃ ဦး အင်အားပါပဲ” ဟု ပြောသည်။
တပ်ဦးချုပ်ကို ယခုကဲ့သို့ ဆုံးရှုံးရမှုသည် CDF-အရှို တပ်ဖွဲ့နှင့် အရှိုချင်းလူမျိုး အားလုံးအတွက် အစားထိုး မရသော ဆုံးရှုံးမှုဖြစ်ပြီး ယုံကြည်စွာ အပ်နှင်းခံရသော တပ်ဦးချုပ်တာဝန်နှင့် တော်လှန်ရေးတာဝန်များကို အသက်နှင့် ခန္ဓာ စွန့်လွှတ်ကာ ထမ်းဆောင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူကြောင်း CDF-အရှိုက ထုတ်ပြန်ထားသည်။
ထို့ပြင် ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော် အောင်လင်းဇော်တို့ ကျဆုံးရမှုသည်လည်း အဖွဲ့အစည်း အတွက် အစားထိုးမရနိုင်သော ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်တပ်က CDF-အရှို၏ ရဲဘော် ၁ ဦးကို ဖမ်းဆီးရမိထားသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေမှုမှာ မမှန်ကန်ကြောင်းနှင့် ဖမ်းဆီးခံရသူ မရှိကြောင်းလည်း တာဝန်ရှိသူတစ်ဦးက ငြင်းဆိုထားသည်။
မပြီးပြတ်သေးသည့် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း CDF-အရှို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CDF-အရှိုသည် မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းရှိ အရှိုချင်းလူမျိုးများ ပြန့်ကျဲနေထိုင်ရာ ငဖဲမြို့နယ် အပါအဝင် မြို့နယ်အချို့၌ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ချင်းတစ်မျိုးသားလုံး၏ မွေးရာပါ ရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင် လျက်ရှိသည်။
ဓါတ်ပုံ - Chin Defence Force - Asho







