သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာလျက် ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဩဂုတ်လ ၁၂ ရက်တွင်လည်း မိုးမိတ်-မဘိမ်းသွားလမ်း ၄ မိုင်ခန့်အကွာဘက်သို့ တိုက်ပွဲများ ဆက်လက်ကူးစက် ဖြစ်ပွားခဲ့သည်။
မိုးမိတ်မြို့အပြင်ဘက်တွင် ရှိသည့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄) နှင့် စစ်အုပ်စုတပ်တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုများ ရှိကြောင်း မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။
“ကချင်တပ်ရယ် PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲက ရွာထဲမှာ ဖြစ်တာတော့ မဟုတ်ဘူး။ အခြေအနေကတော့ ၂ ရက်ဆက် ဖြစ်ခဲ့တာကြောင့် နှစ်ဖက်စစ်ရေးကတော့ တင်းမာနေပါတယ်” ဟု မိုးမိတ်မြို့ခံ အမျိုးသားက ပြောသည်။
တိုက်ပွဲမဖြစ်ပွားမီ ဩဂုတ်လ ၇ ရက်ဝန်းကျင်ကတည်းက မိုးမိတ်မြို့အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နေထိုင်သည်ဟု ယူဆရသည့် နေအိမ်များကို စစ်အုပ်စုတပ်သားများက ဝင်ရောက်ရှာဖွေ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
“တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်တပ်ဘက်က ရွာထဲ အသွားအလာတွေရှိတယ်။ SSPP နေတယ်ထင်တဲ့ အိမ် တွေကိုလည်း ဝင်ဖျက်တာတွေရှိတယ်။ အဲဒီနောက် ကချင်တပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ ပြန်စဖြစ် လာတာပါ။ တိုက်ပွဲမဖြစ်တာလည်း ကြာပါပြီ” ဟု မိုးမိတ်မြို့ ဒေသခံအမျိုးသားက ဆက်ပြောသည်။
ထို့ပြင် ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားနေသည့် မိုးမိတ်မြို့အပြင်ဘက်သို့ စစ်အုပ်စုက လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“လေကြောင်းကနေ ဗုံးကြဲတာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးတာရှိတယ်။ ထိခိုက်တာလည်း ရှိပါတယ်။ ဒါပေမဲ့ တိုက်ပွဲက ရွာထဲမှာဖြစ်တာ မဟုတ်တော့ စစ်ရှောင်ရတဲ့အဆင့်ထိတော့ မဟုတ်သေးဘူး။ နှစ်ဖက် စစ်ရေးကတော့ တင်းမာနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေသခံများ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ရသည့် အခြေအနေ မရှိသေးပေ။
မိုးမိတ်မြို့သည် ‘၁၀၂၇ စစ်ဆင်ရေး’ ကာလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်ခဲ့သည့် မြို့ဖြစ်ပြီး မိုးကုတ်မြို့နှင့်အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ဖိအား ပေးမှုများအပြီး TNLA က စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။







