ဆမီးမြို့ လေကြောင်းမှ ဗုံးကြဲခံရ၊ ၁၆ နှစ်ရွယ် မိန်းကလေးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ဆမီးမြို့ လေကြောင်းမှ ဗုံးကြဲခံရ၊ ၁၆ နှစ်ရွယ် မိန်းကလေးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်ကို ညနက်ပိုင်းအချိန်တွင် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး ကလေးသူငယ်များ အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်တွင် စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာ အမျိုးအစား တိုက်လေယာဉ် တစ်စီးသည် ဆမီးမြို့အဝင်နှင့် ဗျူဟာစခန်းဟောင်း နေရာများကို ပန်းတိုင်ထား၍ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးသီးများအနက် အချို့သည် အရပ်သားများ နေထိုင်ရာ အမှတ် (၂) ရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆမီးမြို့မှ ဒေသခံတစ်ဦးက “လူတွေ အိပ်ပျော်နေတဲ့အချိန် ရုတ်တရက် လေယာဉ်သံကြားပြီး ဗုံးတွေ ဆက် တိုက် ကျပေါက်တာပါ။ အမှတ် (၂) ရပ်ကွက်ထဲ စက်ဝိုင်းလို ကျကွဲတော့ အိမ်တွေလည်း ပျက်စီးပြီး မိသားစု လိုက် ထိကြတာ။ အသက် ၅ နှစ်၊ ၈ နှစ်အရွယ် ကလေးတွေပါ ဒဏ်ရာရကုန်ကြတယ်” ဟု ပြောသည်။

ယခု တိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည့်အပြင် ၎င်း၏ မိဘနှစ်ပါး နှင့် မောင်ငယ် ၃ ဦး၊ အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ် ကလေးသူငယ်များ အပါအဝင် စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ သည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး အရေးပေါ် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။

စစ်အုပ်စုတပ်သည် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ပလက်ဝမြို့အဝင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် ကျောင်းသူ ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက “မြေပြင်တိုက်ပွဲတွေမှာ အထိနာလာရင် စစ်အုပ်စုတပ်က AA ထိန်းချုပ် ထားတဲ့ နယ်မြေတွေထဲက ပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး လေကြောင်းကနေ ဒေါသထွက်ထွက်နဲ့ လာကြဲ တာပါ။ ဆမီးတင်မကဘူး၊ ပလက်ဝရော၊ သံတွဲ၊ အမ်း စတဲ့ မြို့တွေမှာပါ ပြည်သူတွေရဲ့ အသက်အန္တရာယ်က နေ့ရောညပါ စိုးရိမ်နေရတယ်” ဟု နယ်မြေတွင်း အခြေအနေကို မှတ်ချက်ပြုသည်။

ထို့ပြင် ရခိုင်ပြည်နှင့် ပလက်ဝဒေသအတွင်း စစ်အုပ်စုတပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက်မှ ၁၁ ရက်နေ့အထိ ကာလအတွင်း အရပ်သား ၁၉ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်ဘက် အဆောက်အအုံများနှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

HDCO ၏ မှတ်တမ်းများအရ သံတွဲ၊ အမ်း၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်များအတွင်း စစ်အုပ်စုတပ်က လေ ကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် အရပ်သား ပြည်သူများ၏ ဘေးအန္တရာယ်မှာ အထူးစိုးရိမ် ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေကြောင်း သတိပေးထားသည်။

(ဓာတ်ပုံ - ပေးပို့ / Crd)
August 20, 2026
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က...
August 19, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်၊ NUG အမှတ် (၁) စစ်ဒေသ ထိန်းချုပ်ထားသည့်...
August 19, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ထံ စစ်မှုထမ်းရန် လာရောက်...
August 19, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့သည်မှာ ၃ ပတ်နီးပါး...