ဂွနှင့် သံတွဲတွင် လေယာဉ်များ အဆက်မပြတ်ပျံဝဲသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

ဂွနှင့် သံတွဲတွင် လေယာဉ်များ အဆက်မပြတ်ပျံဝဲသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ အဆက်မပြတ်ပျံဝဲနေခဲ့ခြင်း ကြောင့် ဒေသခံပြည်သူများမှာ ထိတ်လန့်စိုးရိမ်ကာ နေအိမ်များမှ စွန့်ခွာထွက်ပြေးနေကြရသည်။

သံတွဲဒေသခံ အမျိုးသားတစ်ဦးက “ဩဂုတ်လ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီကတည်းက ဂျက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေ သံတွဲနဲ့ ဂွမြို့ထက်ဝေဟင်တွေမှာ တစ်နာရီခန့်ကြာ ပျံသန်းနေတော့ ဒေသခံတွေက ဗုံးကြဲဖို့ လာတယ်ထင်ပြီး လုံခြုံမယ်လို့ထင်တဲ့နေရာကို အစုလိုက်အပုံလိုက် ထွက်ပြေးကြရတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သာမန်အရပ်သားပြည်သူများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့်အတူ ကြောင့်ကြစိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ကာ စစ်တပ်က တမင် လုပ်ဆောင်နေခြင်းဖြစ်ပုံရ ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက “လေယာဉ် ဂွဘက်ပျံသွားလိုက်၊ သံတွဲဘက်ကို ပြန်လာဝဲတယ်။ ခေါက်တုံ့ခေါက်ပြန် ပျံဝဲနေ တော့ လူတိုင်း စိုးရိမ်စိတ်ဝင်ကြတယ်။ ငါတို့နေတဲ့နေရာကိုများ ဗုံးကြဲမလားဆိုပြီး။ လူတွေက အလုပ်အကိုင် ပျက်၊ အစားအသောက်ပျက် ဖြစ်ကြတယ်။ ကလေးရှိတဲ့ မိဘတွေဆို ပိုဆိုးတယ်။ သူတို့လေယာဉ်တွေက ပျံဝဲနေတော့ လူတိုင်း ရင်တထိတ်ထိတ်နဲ့ နေကြရတယ်။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော အကုန်ထိခိုက်ကြရပါ တယ်” ဟု ပြောသည်။

စစ်တပ်၏ လေယာဉ် အနည်းဆုံး ၃ စီးမှ ၄ စီးခန့်သည် ယနေ့မွန်းလွဲပိုင်းမှစတင်ကာ သံတွဲမြို့နယ် ကမ်းခြေ တစ်လျှောက်နှင့် ဂွမြို့နယ်တစ်ဝိုက်တွင် ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် ပင်လယ်ပြင်အတွင်း၌လည်း စစ်တပ်၏ တိုက်ခိုက်ရေးနေဗီ (ရေယာဉ်) ၃ စီးမှ ၄ စီးအထိ သွားလာလှုပ် ရှားနေပြီး ကျိန္တလီမြို့ ကမ်းခြေတစ်လျှောက်နှင့် မနီးမဝေးရှိ တောတောင်များကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဂွဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

အလားတူ ပင်လယ်ပြင်ကမ်းနီးသို့ ငါးရှာထွက်ကြသည့် ဒေသခံပြည်သူများကိုလည်း နေဗီများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်နေသည်။

ဂွဒေသခံ အမျိုးသားတစ်ဦးက “နေဗီက ညနေဘက် ငါးရှာနေတဲ့မီးမြင်ရင် လှမ်းပစ်တယ်။ နောက်ပြီး ကျိန္တလီ နားမှာက အခုရက်ပိုင်း နေဗီက အမြဲရှိနေတယ်။ နောက် နေဗီတွေက သံတွဲနဲ့ ဂွဘက်ကို သွားလာနေတာတွေ ရှိတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ခြိမ်းခြောက်ပျံသန်းမှုများနှင့် ပစ်ခတ်မှုများကြောင့် ဒေသအတွင်းရှိ ကျေးရွာများမှ သက်ကြီးရွယ်အို များ၊ မသန်စွမ်းသူများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ နှင့်အတူ ဒုက္ခရောက်ကြသည်။

Most read this week

August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...