တနင်္သာရီ၊ လမိုင်းကော့ရွာကို တိုက်ပွဲမရှိဘဲ စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေဆုံး

တနင်္သာရီ၊ လမိုင်းကော့ရွာကို တိုက်ပွဲမရှိဘဲ စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦးသေဆုံး

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိဘဲ ဩဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီအချိန်က လမိုင်းကော့ကျေးရွာကို စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်း ရှိနေသည့် အသက် ၆၃ နှစ် အရွယ် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း တနင်္သာရီ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ်နှစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲသွားတာ ညနေ ၄ နာရီလောက်မှာ အဖွားတစ်ယောက် ထိပြီး ဆုံးသွားတယ်။ သူက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့အချိန်မှာ ဗုံးလာကြဲသွားတာ၊ နေအိမ်နှစ်လုံး ပျက်စီး သွားတယ်။”

အဆိုပါ တကူကျေးရွာအုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသဖြစ်ပြီး စစ်တပ်က တစ်စုံ တစ်ရာ အကြောင်းပြချက်မရှိဘဲ လေယာဉ်ဖြင့် မကြာခဏ လာရောက်တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ ရှိသည်။

ဒေသခံတစ်ဦးက “ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတော့ သူတို့ (စစ်တပ်) လေယာဉ်နဲ့ ခဏခဏ ဗုံးလာကြဲတယ်။ အခုကြဲသွားတဲ့ ရွာမှာလည်း တိုက်ပွဲတွေ မဖြစ်နေဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မိုင် ၂၀ လောက် ဝေးတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်တပ်သည် တကူကျေးရွာအုပ်စုကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒေသခံ ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့နှင့် အထက်တန်းကျောင်းမှ စာသင် ကျောင်းဆောင် ၂ ဆောင်လည်း ထိခိုက်ပျက်စီးသွားခဲ့ဖူးသည်။

စစ်တပ်အနေဖြင့် အရပ်သားပြည်သူများ နေထိုင်ရာနေရာများ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက် အအုံများ တည်ရှိရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေဆဲ ဖြစ်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ မှတ်တမ်းပြုစုချက်များအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ၂၀၂၆ ခုနှစ် ၆ လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၄ ကြိမ်နှင့် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 5, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ်...