စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင် စပါးရိတ် သိမ်းစက်ခ မြင့်တက်လာကာ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ အခက်အခဲ ကြုံတွေ့နေကြသည်။
ပြီးခဲ့သည့် ဧပြီလက စိုက်ပျိုးထားသည့် လယ်စပါးများကို လက်ရှိတွင် ပြန်လည်ရိတ်သိမ်းနေ
ကြခြင်း ဖြစ်သည်။
တောင်သူအမျိုးသမီးတစ်ဦးက “ဆီဈေးတက်တော့ စပါးရိတ်ခလည်း တက်တယ်။ တချို့က နှစ်သိန်းရှစ်သောင်း ပေးရတယ်။ တချို့ဆို သုံးသိန်းအထိ ပေးရတယ်။ ဟိုတစ်ပတ်က ကျမတူလေး စပါးရိတ်တာ သုံးသိန်းကုန်သွား တယ်” ဟု ပြောသည်။
စိုက်ပျိုးရိတ်သိမ်းစရိတ် မြင့်တက်လာခြင်းကြောင့် ယခုနှစ်တွင် စိုက်ပျိုးနိုင်သည့် လယ်စပါးဧက အရေအတွက် လည်း လျော့နည်းလာခဲ့ကြောင်း သူမက ဆက်ပြောသည်။
“အရင်နှစ်က လေးဧက စိုက်နိုင်ပေမယ့် ဒီနှစ်တော့ တစ်ဧကပဲ စိုက်နိုင်တော့တယ်” ဟု အဆိုပါ တောင်သူ အမျိုးသမီးက ပြောသည်။
စိုက်ပျိုးရေးအတွက် လျာထားသည့် အသုံးစရိတ်များထဲတွင် စက်သုံးဆီဖိုးက အများဆုံးကုန်ကျနေသည့်အတွက် မြေဩဇာဝယ်ယူရန် ငွေကြေး မလုံလောက်တော့ကြောင်း တောင်သူတစ်ဦးက ရှင်းပြသည်။
“ပိုက်ဆံက ဓာတ်ဆီနဲ့ မြေဩဇာအတွက် လျာထားတာပါ။ ဒါပေမယ့် ဓာတ်ဆီဖိုးနဲ့ပဲ ကုန်သွားတော့ မြေဩဇာ အတွက် မလောက်တော့ဘူး။ အဲ့ဒီလို အခက်အခဲတွေ ကြုံနေရတယ်။”
နန်းမယ်ခုံမြို့နယ်ရှိ စပါးစိုက်တောင်သူများသည် တစ်ဧကလျှင် စပါးရိတ်သိမ်းစက်ခ ကျပ် ၂၇၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ပေးဆောင်နေရပြီး စက်ရိတ်ခကို လက်ငင်းမပေးနိုင်သဖြင့် ငွေချေးယူကာ ပေးဆောင်နေရ သူများလည်း ရှိနေသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းနှင့် နန်းမယ်ခုံမြို့နယ်အတွင်း၌ ဓာတ်ဆီ တစ်ဂါလံလျှင် ကျပ် ၄၄,၀၀၀ ဝန်းကျင်နှင့် ဒီဇယ် တစ်ဂါလံလျှင် ကျပ် ၃၆,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး စက်သုံးဆီဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ချေ ရှိနေကြောင်း စက်သုံးဆီရောင်းချသူများက ပြောသည်။
စားဝတ်နေရေးနှင့် ဝင်ငွေအတွက် လယ်ယာစပါးကို အဓိကစိုက်ပျိုးကြသည့် နန်းမယ်ခုံမြို့နယ်အတွင်း တချို့တောင်သူများမှာ ယခုကဲ့သို့ စပါးရိတ်သိမ်းဆဲ ကာလတွင်ပင် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများကိုပါ တစ်ဖက်တစ်လမ်းမှ ဆက်လက် လုပ်ဆောင်နေကြကြောင်း ဒေသခံတောင်သူများက ဆိုသည်။







