ပူတာအိုတွင် ခရမ်းချဉ်သီးတစ်လုံး ကျပ် ၁,၀၀၀ အထိ ဈေးမြင့်တက်

ပူတာအိုတွင် ခရမ်းချဉ်သီးတစ်လုံး ကျပ် ၁,၀၀၀ အထိ ဈေးမြင့်တက်
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)

ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာပြီး ခရမ်းချဉ်သီးတစ်လုံးလျှင် ကျပ် ၁,၀၀၀ အထိ ပေးဝယ်နေရကြောင်း ဒေသခံများ က ပြောသည်။

ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများပျက်စီးနေပြီး ကုန်ကား ကြီးများ ဖြတ်သန်းသွားလာခွင့် ယာယီရပ်နားထားရသဖြင့် ပူတာအိုဒေသဘက်သို့ ကုန်စည်ဝင်ရောက်ရန် အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် ကချင်ပြည် အတွက် အဓိက ကုန်စည်ဝင်ပေါက် ဖြစ်သော မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတွင်လည်း စစ်ရေး အခြေအနေများကြောင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး၌ အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရကာ ပူတာအိုတွင် ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက “လက္ကားဒိုင်ဆီက ဝယ်ရင်တောင် ခရမ်းချဉ်သီးတစ်လုံး ၁,၀၀၀ လောက်ရှိ တယ်။ တဆင့်သယ်လာတဲ့ သူတွေဆီက ဝယ်ရင် ဒီထက်ပိုဈေးကြီးတယ်။ ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် ၂၀,၀၀၀ လောက် ရှိနေပြီ။ ကြက်ဥလည်း ဈေးတက်ပြီး တစ်သောင်းဖိုးဝယ်ရင် ဆယ်လုံးတောင် မရတော့ဘူး” ဟု KNG ကို ပြောသည်။

ပူတာအိုဒေသတွင် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ကုန်ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ခရမ်းချဉ်သီးမှာ အရင်က တစ်ပိဿာလျှင် ကျပ် ၉,၀၀၀ မှ ၁၀,၀၀၀ ကြား ရှိခဲ့ရာမှ ယခုအခါ ကျပ် ၂၀,၀၀၀ အထိ မြင့်တက်လာခဲ့သည်။

ထို့ပြင် ကြက်ဥ၊ ကြက်သွန်နီနှင့် အခြား အခြေခံစားသောက်ကုန်များတွင်လည်း ဈေးနှုန်းများ မြင့်တက်နေပြီး မြစ်ကြီးနားနှင့် မန္တလေးဘက်မှ တင်သွင်းလာသည့် ကြက်သားနှင့် ငါးများကိုလည်း ဈေးကြီးပေးကာ ဝယ်ယူ နေရကြောင်း ဒေသခံများက ဆိုကြသည်။

အခြား ဒေသခံအမျိုးသားတစ်ဦးက “ဒီရက်ပိုင်း ပူတာအို - မြစ်ကြီးနားလမ်းက အခြေအနေ 

မကောင်းတော့ အသားသည်တချို့ မတင်တော့ဘူး။ တင်ထားတဲ့သူတွေဆီမှာလည်း လမ်းခရီးကြန့်ကြာလို့ အဝင်နည်းပြီး ဈေးတင်ရောင်းကြတယ်။ ကြက်သား၊ ငါးတွေ လိုသလောက် ဝယ်လို့မရတော့ဘူး” ဟု ပြောသည်။

လက်ရှိ ပူတာအိုမြို့ပေါ်တွင် မြန်မာပြည်အောက်ပိုင်းမှ တင်သွင်းလာသည့် ဥတုံးကြက်နှင့် CP ကြက် တစ်ပိဿာလျှင် ကျပ် ၆၀,၀၀၀ အထိနှင့် ငါးတစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀ အထိ ဈေးတက်နေကြောင်း ဒေသခံများက ဆိုသည်။

ပူတာအိုဒေသအတွက် အခြေခံစားသောက်ကုန်နှင့် လိုအပ်သည့် ကုန်ပစ္စည်းအများစုကို မိုင် ၂၀၀ ကျော်ဝေးသည့် မြစ်ကြီးနားမြို့ဘက်မှ တင်သွင်းရခြင်း ဖြစ်သည်။

သို့သော် ဇွန်နှင့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ကားလမ်းများ ပျက်စီးခဲ့ပြီး လက်ရှိတွင် လမ်းများ ပြုပြင်နေဆဲဖြစ်သဖြင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ယာယီ ရပ်နားထားရသည်။

ထို့ပြင် မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတွင်လည်း စစ်ရေးအခြေအနေများကြောင့် လမ်းအသုံးပြုရာတွင် အခက်အခဲများ ရှိနေပြီး ကားသမားများမှာ ကွင်းလမ်းများကို အသုံးပြုနေရသလို တိုက်ပွဲအခြေအနေများ ကြောင့် လမ်းပိတ်ဆို့မှုများလည်း ရှိနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသတွင် တိုက်ပွဲများ၊ လမ်းပိတ်ဆို့မှုများနှင့် ရာသီဥတုဒဏ် ကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲများကို မကြာခဏ ကြုံတွေ့နေရကာ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို လည်း ဆက်တိုက် ခံစားနေကြရသည်။

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...